မင်္ဂလာပါ

မင်္ဂလာပါ

ဒီ blog လေးမှာ ဆေးပညာဗပာုသုတလိုလားသော ဆေးပညာကို စိတ်ဝင်စားသော သူများအတွက် သိသင့်သိထိုက်တာတွေကို ကျနော်တတ်နိုင်သမျှ ကြိုးစားပြီးဖော်ပြပေးသွားပါမယ်။ ဆေးပညာရပ်နဲ့၊ မိမိရောဂါဝေဒနာနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာများကိုလည်း မေးမြန်းနိုင်ပါတယ်။ ပြည်တွင်းရော ပြည်ပပါ အထူးသဖြင့် ဆေးကုသစရိတ်ကြီးတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေသော သူများ မေးမြန်းရလွယ်ကူစေရန် ရည်ရွယ်ပါတယ်။ လူတိုင်းလူတိုင်းကို ကျနော်တတ်နိုင်သောဘက်မှ ကူညီရန်ရည်ရွယ်ပါတယ်။

Thursday, 23 January 2014

ထိုးဆေး၏ ဆိုးကျိုးနှင့် ဆရာဝန်များအရေးပေါ်ဆောင်ထားရမည့်ဆေးများ

ကျွန်တော်ဆေးခန်းထိုင်တုန်းက တစ်ရက်မှာ ကျွန်တော့်ဆေးခန်းကို လူနာတစ်ယောက်ရောက်လာတယ်။ ကိုယ်လက်တွေနာကျင်ကိုက်ခဲနေတာအရမ်းဆိုးနေလို့ ဆေးခန်းလာပြတာ။ အဖျားလည်းရှိနေတာဆိုတော့ Diclo ထိုးပေးဖို့ ပြင်ဆင်ပါတယ်။ ဆေးမတည့်တာရှိလားဆိုတော့ လူနာပြန်ဖြေတာက သူက ပါရာစီတမောကလွဲရင် တခြားဘယ်ဆေးနဲ့မှ သူမတည့်ဘူးတဲ့။ ဆေးမတည့်လို့ ဆေးရုံရောက်တာ ၂ခါရှိဖူးတယ်တဲ့။ ဒါပေမယ့်လည်း Diclo က ရှော့ရလေ့ရှိတဲ့ဆေးမဟုတ်တော့ Diclo ထိုးပေးလိုက်တယ်။ ဆေးမတည့်တဲ့ရှော့ရခဲ့ဖူးတာဆိုတော့ စိတ်ချလက်ချတော့မနေနိုင်ဘူး။ ဆေးခန်းမှာပဲ ခဏနေခိုင်းထားလိုက်ရတယ်။

ခဏနေတော့ ပါရာစီတမောကလွဲလို့ တခြားဘာဆေးနဲ့မှ မတည့်ဘူးဆိုတာ စပြလာတယ်။ ဆေးထိုးပြီး ၁၀မိနစ်လောက်အကြာမှာ အသားတွေနီလာတယ်။ မျက်လုံးတွေလည်းနီလာပြီး တကိုယ်လုံးယားလာတယ်။ သွေးပေါင်ချိန်ကြည့်တော့ အပေါ်သွေး ၁၀၀နဲ့ အောက်သွေး ၆၀။ ပထမတုန်းက တိုင်းထားတာက ၁၁၀ ၇၀။ Anaphylaxis shock လို့ကျွန်တော်ဆုံးဖြတ်လိုက်တာနဲ့ ပထမဆုံး Adrenaline ကို 1:1000 နဲ့ အသားဆေးထိုးရတယ်။ Burmeton ကို နောက်တစ်ဆင့်အနေနဲ့ထိုးတယ်။ Cannula တစ်ချောင်းထိုးပြီး Hydrocortisone ထိုးပေးလိုက်တယ်။ Saline သွင်းထားတယ်။ ခဏစောင့်ကြည့်နေပေမယ့်လည်း လူနာက မသက်သာလာဘူး။ သွေးပေါင်ပြန်တိုင်းကြည့်တော့ လူနာရဲ့သွေးပေါင်ချိန်က ၈၀ နဲ့ အောက်သွေးကတိုင်းမရတော့ဘူး။ နားထောင်ကြည့်တော့ နှလုံးခုန်သံက စီးချက်မညီတော့ဘူး။ ခုန်ချင်သလိုခုန်လာတယ်။ Cannula နဲ့ နောက်တစ်လိုင်းဖွင့်ပြီး Adrenaline ကို 1:10000 နဲ့ IV ထိုးလိုက်တယ်။ Hydrocortisone နောက်တစ်လုံးထပ်ထိုးတယ်။ Burmeton ထပ်ထိုးတယ်။ Saline နောက်တစ်လိုင်းထပ်ချိတ်ရတယ်။ ခဏနေတော့ သူအယားသက်သာလာတယ်။ Pressure ပြန်တက်လာတယ်။ လူနာ အခြေအနေတည်ငြိမ်လာပြီလို့ ထင်ရတာနဲ့ ကိုယ်တိုင်ကားမောင်းပြီး ဆေးရုံပို့လိုက်ရတယ်။ နောက်တစ်နေ့ဆေးခန်းရောက်တော့ မနေ့ကလူနာ မုန့်တစ်ထုပ်နဲ့ ဆေးခန်းရောက်နေတယ်။ ဆရာကယ်တဲ့အသက်ပဲရှိပါတော့တယ်တဲ့။ ဆေးရုံမှာတော့ တစ်ညအိပ်လိုက်ရတာပေါ့လေ။

အခုဘွဲ့ရပြီးရင်လည်း ဆေးခန်းဖွင့်မယ့်သူတွေပါမယ်ထင်တယ်။ ဘာဆေးတွေဝယ်ရမလဲစဉ်းစားရင်တော့ Adrenaline Burmeton နဲ့ Hydrocortisone တော့ မမေ့ပါနဲ့။ ဘယ်ဆေးနဲ့ ရှော့ရနိုင်မလဲဆိုတာဘယ်လိုမှ မသိနိုင်ဘူး။ ဆရာရဲမြင့်ကျော်ရဲ့ သဘောအရဆိုရင်တော့ ဆေးတွေကို Test လုပ်လည်း မထိရောက်ဘူးလို့ပြောတယ်။ ဘာလို့လဲဆိုတော့ ဆေးကိုတကယ် Test လုပ်မယ်ဆိုရင် Intradermal မှ ထိရောက်မယ်။ ဒါပေမယ့် အများစုက ထိုးလိုက်ရင် Subcutaneous ကိုပဲရောက်သွားတာဆိုတော့ Test လုပ်ပြီးလည်း ရှော့ရနိုင်တာပဲတဲ့။ Intradermal သာ နေ့တိုင်း Test လုပ်နေရင်တော့ ကိုယ့်ဆေးခန်းကို လူနာလာမှာကိုမဟုတ်တော့ဘူး။ လူတစ်ယောက်တည်းတောင် အရင်က ရှော့မရဖူးဘဲ အခုမှရတတ်တာမျိုးလည်းရှိတယ်။ ဆေးရုံနဲ့မတူတဲ့အချက်က ဆေးရုံမှာက ကိုယ်အားကိုးနိုင်တဲ့သူတွေရှိပေမယ့် ကိုယ့်ဆေးခန်းမှာတော့ ကိုယ်ကလွဲလို့ အားကိုးစရာမရှိဘူး။ ကိုယ့်ရှေ့ကအသက်တစ်ချောင်းက ကိုယ့်ရဲ့လုပ်ကိုင်မှုအပေါ်မှာ လုံးဝမူတည်သွားပြီ။ အဲဒီအချိန်မှာရတဲ့ Pressure က ဘာနဲ့မှမတူဘူး။ ဒါပေမယ့် ဂရုစိုက်သင့်တာက လူနာရှေ့မှာ လုံးဝစိတ်လှုပ်ရှားနေတာ၊ အရမ်းပျာနေတာမျိုးမပြဖို့ပဲ။ ကိုယ့်စိတ်တွေတော့လှုပ်ရှားနေလိမ့်မယ်။ ဒါပေမယ့် တတ်နိုင်သမျှအပြင်ကို မရောက်စေဘဲ လုပ်စရာရှိတာတွေကို အေးအေးဆေးဆေးလုပ်ပါ။ အဲဒါတွေကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားရလိမ့်ဦးမယ်။ ကျွန်တော်အပါအ၀င်ပေါ့ တော်တော်များများက နေမကောင်းတဲ့အချိန်ဆိုရင် မြန်မြန်ပျောက်ချင်တယ်။ အဲဒီအခါကျရင် ဆေးပဲအထိုးခံလိုက်ချင်ကြတယ်။ ဒါပေမယ့် ဆေးထိုးတာမှာလည်း အခန့်မသင့်ရင် ကိုယ့်အသက်ပါ ပါသွားနိုင်တာတွေက အများကြီးပဲ။ တစ်ခါကြုံဖူးသွားရင် နောက်တစ်ခေါက်ဆေးထိုးဖို့တောင်မ၀ံ့မရဲဘဲ။

Monday, 2 December 2013

စာဖတ်ပရိတ်သတ်များနဲ့ မေးခွန်းရှင်များကို အနူးအညွတ်တောင်းပန်ခြင်း။

ကျွန်တော် လွန်ခဲ့တဲ့ ၇လလုံးလုံး အကြောင်းအမျိုးမျိုးကြောင့် ပို့စ်အသစ်တင်ရန်ပျက်ကွက်ခဲ့ပါတယ်။ အဲဒီအပြင် မေးခွန်းတွေမေးလာတဲ့သူတွေကိုလည်း ပြန်မဖြေနိုင်ခဲ့ပါဘူး။ အဲဒီလိုပျက်ကွက်ခဲ့မှုတွေအတွက် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော့်ကို အားကိုးပြီး မေးမြန်းခဲ့တာတွေအပေါ် မဖြေနိုင်ခဲ့တဲ့အတွက် အတော်လေးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်ခုချိန်ကစပြီး ကျွန်တော့်ဘလော့ကို ပြန်ပြီး အားထည့်ပြုပြင်ပေးသွားပ့ါမယ်ခင်ဗျာ။ ပို့စ်အသစ်တွေတင်ဖို့ ကြိုးစားတဲ့နည်းတူ မေးခွန်းတွေကိုလည်း အလျင်မီအောင် ပြန်ဖြေပေးသွားပါ့မယ်လို့ အသိပေးပါတယ်ခင်ဗျာ။

Wednesday, 15 May 2013

ပညာတတ်လူငယ်များကြား ခေတ်စားလာသော မူးယစ်ဆေးယဉ်ကျေးမှု

လူငယ်အများစု ကျက်စားလေ့ရှိတဲ့ ရန်ကုန်မြို့လယ် ဘီယာဆိုင်တစ်ဆိုင်ရဲ့ ညမြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ဘီယာဆိုင်ရဲ့ ၀ိုင်းတစ်ဝိုင်းမှာ အ၀တ်အစားကောင်းကောင်းမွန်မွန်ဝတ်စားထားကြပြီး ရည်ရည်မွန်မွန်ပုံစံရှိတဲ့ လူငယ်၇ယောက်လောက် စကားပြောရင်း အေးအေးလူလူ သောက်စားနေကြတယ်။ သိပ်မကြာခင်ပဲ အဲဒီလူငယ်တွေဝိုင်းကို သက်တူရွယ်တူရှိတဲ့ လူငယ်တစ်ယောက် ထပ်တိုးဝင်ရောက်လာခဲ့တယ်။ ထူးခြားတာတစ်ခုက အဆိုပါလူငယ်ဝင်ရောက်လာတဲ့အချိန်မှာ ၀ိုင်းထဲက လူငယ်တွေဝိုင်းမေးမြန်းကြတာက “မင်း ပါလာရဲ့လား” ဆိုတဲ့ စကားပါ။ ဒီအခါနောက်ဆုံးဝင်ရောက်လာတဲ့လူငယ်က ပလပ်စတစ်နဲ့ထုတ်ထားတဲ့ အညိုရောင်အထုပ်လေးတစ်ထုပ်ကိုလှမ်းပေးလိုက်ပါတယ်။ ဒီနောက်တော့ အထုပ်လေးထဲက အညိုရောင်အမှုန့်လေးတွေကို ဆေးလိပ်သဏ္ဍန်လုပ်ထားတဲ့ စက္ကူပတ်နဲ့ပတ်ပြီး တစ်ယောက်တစ်လက် ရှူရှိုက်နေကြတော့တယ်။

အပြင်လူအနေနဲ့ရုတ်တရက်ကြည့်လိုက်ရင် လူငယ်တွေဆေးလိပ်သောက်နေကြတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ သူတို့တရှိုက်မက်မက် ရှုရှိုက်နေတဲ့အရာဟာ ဆေးလိပ်ရိုးရိုးမဟုတ်ပါဘူး။ အရပ်အခေါ် မာရှီလို့ခေါ်ကြတဲ့ (marijuana) ဆေးခြောက်ထည့်ထားတဲ့ ဆေးလိပ်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အံသြစရာကောင်းတာကတော့ အဲဒီဆေးခြောက်သုံးနေတဲ့လူငယ်တွေဟာ ပညာမတတ်တဲ့လမ်းဘေးလေလွင့် လူငယ်များမဟုတ်ကြဘဲ ဆေးတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ သွားဆေးတက္ကသိုလ် အစရှိတဲ့ အမှတ်မြင့်မားပြီး ထိပ်တန်းအဆင့်လို့သတ်မှတ်ထားတဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များက ပညာတတ်လူငယ်များဖြစ်နေတာပဲဖြစ်ပါတယ်။

“အခုနောက်ပိုင်းမှာ ဆေးခြောက်သုံးတာ အတော်လေးကို များလာတယ်။ ကျွန်တော့်အထင်တော့ ဆေးခြောက်မသုံးတတ်ရင် ခေတ်မမှီဘူး၊ အပေါင်းအသင်း သိပ်ဝင်မဆံ့ဘူးလို့ ထင်တာလည်း ပါမယ်ထင်တယ်။ ဆေးတက္ကသိုလ်မှာလည်း ကျောင်းထဲမှာတောင် ကျောင်းသားလူငယ်အချို့အသုံးပြုနေတာတွေ့ဖူးတယ်။ မသိရင်တော့ ဆေးလိပ်သောက်နေသလိုပဲ။ ကျွန်တော့်သူငယ်ချင်း ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေလည်း သုံးတယ်ပြောတယ်။ ဆေးခြောက်အပြင် တခြားဆေးတွေလည်းရှိသေးပေမယ့် မာရှီကတော့ အသုံးအများဆုံးပဲ” ဟု ရန်ကုန်မြို့ရှိဆေးတက္ကသိုလ်တစ်ခုတွင် တက်ရောက်ပညာသင်ကြားနေသည့် နောက်ဆုံးနှစ်အပိုင်း(ခ) ကျောင်းသားတစ်ဦးကဆိုပါတယ်။

ဆေးခြောက်အပါအ၀င် မူးယစ်ဆေးဝါးများအသုံးပြုမှုများဟာ ယခင်ကတည်းက လူငယ်များအားအဓိကပျက်ဆီးစေသည့် ပြဿနာတစ်ရပ်ဖြစ်ခဲ့ပေမယ့်လည်း အဲဒီအချိန်များမှာ မူးယစ်ဆေးဆိုတာဟာ လေလွင့်လူငယ်များ လမ်းသူရဲများသာ အသုံးပြုတဲ့ အရာတစ်ခုဖြစ်ပြီး ပညာတတ်လူငယ်များအနေနဲ့ အသုံးပြုဖို့ စိတ်တောင်မကူးခဲ့တဲ့အရာတွေဖြစ်ပါတယ်။ အခုအခါမှာတော့ မူးယစ်ဆေးများကို ခေတ်မှီတယ် အပေါင်းအသင်းဆံ့တယ်ဆိုတဲ့ ထင်မြင်ချက်များနဲ့ ယဉ်ကျေးမှုတစ်ခုအသွင်ဖြစ်လာခဲ့ပြီး ပညာတတ်များလို့ သတ်မှတ်ထားတဲ့ လူငယ်များကြားမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာကို မြင်တွေ့လာခဲ့ရပါတယ်။ လူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုရှိလာတာနဲ့အတူ အဆိုပါမူးယစ်ဆေးဝါးများဟာလည်း လူငယ်များအကြား အလွယ်တကူပင်စီးဝင်နေပြီး အဖမ်းအဆီးမရှိ လွယ်လင့်တကူအသုံးပြုနိုင်နေကြပါတယ်။

“အခုလူငယ်တွေသုံးတာကတော့ အမျိုးမျိုးပဲ။ မာရှီရှိတယ်၊ နောက်တစ်ခါ ရာမလို့ခေါ်တဲ့ WY တွေရှိတယ်။ WY ကတော့ နည်းနည်းဈေးကြီးတယ်။ တစ်လုံးကို ငါးထောင် တစ်သောင်းလောက်ရှိတယ်။ မာရှီကိုတော့ ဆေးပေါ့လိပ်ထဲထည့်သောက်ကြတာများတယ်။ ပိုက်နဲ့လည်း ရှူလို့ရတယ်။ သူကငြိမ့်တယ်။ ရာမကတော့ ကြွတယ်ပြောတယ်။ ရာမတော့ တစ်ခါမှမသုံးဖူးဘူး” ဟု ဆေးခြောက်အသုံးပြုဖူးသူ သွားဆေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကပြောပါတယ်။ ဘာ့ကြောင့် မကောင်းမှန်းသိရက်နဲ့ ယခုလို မူးယစ်ဆေးအသုံးပြုရတာလဲ၊ ဒါတွေကိုဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ရနေတာလဲဆိုတာကို ဆက်လက်မေးမြန်းကြည့်တဲ့အခါမှာတော့
“အဓိကက အပေါင်းအသင်းတွေသုံးပြီး ကိုယ်မသုံးရင် စကားပြောရတာ တစ်ခုခုလိုနေသလိုပဲဗျ။ ငြိမ့်နေတဲ့ခံစားချက်လေးကို ကြိုက်တာလည်း ပါတယ်။ နောက်တစ်ခုကတော့ လွယ်လွယ်ရနေတာပေါ့လေ။ အဖမ်းအဆီးဆိုတာကလည်း ကြားသာကြားဖူးတာ ကိုယ်တိုင်ကြုံတွေ့ဖူးတာမျိုးမှမရှိတာ၊ ရန်ကုန်မှာတော့ အချို့မြို့နယ်တွေမှာ လက်ကားရောင်းတဲ့သူတွေရှိတယ်လို့ကြားတယ်။ ကျွန်တော်တို့ဝယ်တာကတော့ လက်ခွဲတွေဆီကနေ ပြန်ဝယ်ရတာ။ အရမ်းအခက်အခဲကြီးတော့မဟုတ်ပါဘူး” ဟု အဆိုပါလူငယ်မှ ဆက်လက်ပြောပါတယ်။

ထိုကဲ့သို့ လူငယ်များကြား မူးယစ်ဆေးဝါးများကို လွယ်လင့်တကူအသုံးပြုလာကြသည်မှာ တိုင်းပြည်အတွက် ကောင်းသည့်အနာဂါတ်တော့မဖြစ်နိုင်ပါ။ ပို၍ဆိုးရွားသည်မှာ မူးယစ်ဆေးအသုံးပြုနေသူ လူငယ်များသည် သူများကို ဦးဆောင်ရမယ့် နေရာမှာရှိနေကြတဲ့ ပညာတတ်လူငယ်များဖြစ်နေပြီး သူတို့ကိုယ်တိုင်လည်း မူးယစ်ဆေး၏ မကောင်းသည့်အချက်များကို သိနေကြသည့် လူငယ်များဖြစ်နေခြင်းပင်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို မသိသောသူများကို ဆိုးကျိုးများအကြောင်းရှင်းပြ၍ မူးယစ်ဆေးပြတ်အောင်ပြုလုပ်ပေးနိုင်သော်လည်း ထိုကဲ့သို့ မူးယစ်ဆေးဆိုးကျိုးများအကြောင်းကို သိရက်နဲ့သုံးစွဲနေကြသောသူများကတော့ ဘုန်းကြီးတစ္တေကဲ့သို့ပင် မူးယစ်ဆေးပြတ်အောင် ပြုလုပ်ရန်ခက်ခဲနေပါတယ်။

ကျောင်းတက်နေဆဲ ပညာတတ်လူငယ်များအပြင် ဆေးရုံများတွင် မူးယစ်ဆေးဖြတ်ပေးနေသော ဆရာဝန်များ၊ သူတို့ကိုယ်တိုင် မူးယစ်ဆေးမကောင်းကြောင်း သင်ကြားပေးနေသော ဆရာဝန်များ အစရှိသည့် ဆရာဝန်အသိုင်းအ၀ိုင်းအချို့တွင်ပင်လျှင် မူးယစ်ဆေးသုံးစွဲမှုများရှိနေသည်ဆိုသည့်အချက်ကလည်း မြန်မာနိုင်ငံ၏ ရှေ့အနာဂါတ်မျိုးဆက်များအတွက် ခြောက်ခြားဖွယ်ရာဖြစ်နေပါတယ်။
“ကျွန်တော်တွေ့ဖူးတာတော့ ဆရာဝန်အချို့လည်း သုံးတယ်။ သူတို့ကတော့ မာရှီလိုဟာမျိုးတွေမဟုတ်ဘူး။ ၀ယ်ရလွယ်တဲ့ Tramadol လိုဆေးမျိုးကို သုံးတာ။ Tramadol ဆိုတာက အနာသက်သာအောင်ပေးတဲ့ မူးယစ်နွယ်ဝင်ဆေးတစ်မျိုးလေ။ အပြင်လူတွေဝယ်လို့မရဘူး။ ဆရာဝန်တွေပဲဝယ်လို့ရတာ။ ဆရာဝန်တွေက အဲဒီဆေးကိုသုံးတာ” ဟု မြောက်ဥက္ကလာဆေးရုံတွင် တာဝန်ကျနေသော အလုပ်သင်ဆရာဝန်လူငယ်တစ်ဦးမှဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဆေးဝါးသုံးစွဲသူသည် ထောင်ဒဏ်အနည်းဆုံး ၃နှစ်မှ အများဆုံး ဆယ်နှစ်၊ ရောင်းဝယ်ဖြန့်ဝေသူသည် အနည်းဆုံးထောင်ဒဏ် ၁၀နှစ်မှ နှစ်အကန့်အသတ်မရှိ ကျခံရနိုင်သည်လို့ ထုတ်ပြန်ထားသော်လည်း ဘယ်တာက လွတ်နေမှန်းမသိတဲ့ရွှေသမင်ဟာ လူငယ်များဆီကို အလွယ်တကူရရှိနိုင်နေဆဲပဲဖြစ်ပါတယ်။ နည်းစနစ်ကျနသော ဆေးဝါးထိန်းချုပ်မှုပုံစံမရှိခြင်းကလည်း Tramadol ကဲ့သို့သော မူးယစ်နွယ်ဝင် ထိန်းချုပ်ဆေးဝါးများကိုပင် ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်နေပါတယ်။ ထိုကဲ့သို့ဝယ်ယူရလွယ်ကူခြင်း၊ နည်းစနစ်ကျနသော ဆေးဝါးထိန်းချုပ်မှုပုံစံမရှိခြင်းတို့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်ချက်လွန်ကဲခြင်း၊ အပေါင်းအသင်းမဆံ့မှာကြောက်ခြင်းနှင့် အပေါင်းအသင်းများက တိုက်တွန်းခြင်း၊ ပျော်ရွှင်လိုခြင်း အစရှိသည့် အကြောင်းရင်းများကြောင့်လည်း ပညာတတ်လူငယ်များကြား မူးယစ်ဆေးသုံးစွဲခြင်းသည် ယဉ်ကျေးမှုတစ်ခုအသွင်ဆောင်လာခဲ့သည်။ ယခုအချိန်တွင်သာ စိတ်ဓါတ်မြှင့်တင်ရေး၊ ပညာပေးရေး၊ ဥပဒေအရအရေးယူရေးကဲ့သို့သော ထိရောက်သော အရေးယူတုန့်ပြန်မှုများ မပြုလုပ်ပါက မြန်မာပြည်၏ ပညာတတ်လူငယ်များ ရေတိမ်နစ်ရသည့် အခြေအနေနှင့် မလွဲမသွေကြုံတွေ့နိုင်ပါသောကြောင့် တာဝန်ရှိသူများအနေဖြင့် အထူးကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။

Friday, 10 May 2013

အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သော ကျန်းမာရေးဆိုင်ရာပြဿနာများ

နွေရာသီရောက်တယ်ဆိုရုံနဲ့ပဲ မြန်မာနိုင်ငံနေရာအနှံ့အပြား အပူဒဏ်ကိုခံစားရမှုက သိသိသာသာကို မြင့်မားလာပါတယ်။ အပူဒဏ်ကြောင့်ဖြစ်ပွားရတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာများလည်း မကြာခဏကြားသိနေရတယ်။ ဒါ့ကြောင့် အပူဒဏ်မြင့်မားမှုကြောင့် အဓိကဖြစ်ပွားရတဲ့ကျန်းမာရေးပြဿနာများအကြောင်း စုစည်းတင်ပြပေးလိုက်ပါတယ်။

အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ မြင့်မားတဲ့အပူချိန်နဲ့ အချိန်အတိုင်းအတာအနည်းငယ်မျှအတောအတွင်းမှာကိုပဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာများဟာ သိပ်မပြင်းထန်တဲ့အခြေအနေတွေကနေ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့အရေးပေါ် အခြေအနေတွေထိတိုင်အောင် ဖြစ်ပွားနိုင်ပါတယ်။ ဒီနေရာမှာတော့ အပူဒဏ်ကြောင့်အဓိကဖြစ်ပွားရတဲ့ ကျန်းမရေးပြဿနာတွေဖြစ်တဲ့ အပူရှပ်ခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်း၊ အပူကြောင့် ကြွက်တတ်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ မိတ်ထွက်ခြင်းတို့အကြောင်းကို တင်ပြပါမယ်။

လူသားတွေဟာ သွေးနွေးသတ္တ၀ါတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူအချိန်တစ်သမတ်တည်းရှိတဲ့သူတွေ ဖြစ်ပါတယ်။ လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပုံမှန်ဖြစ်အောင်ထိန်းထားတဲ့ အပူချိန်ထိန်းတဲ့အင်္ဂါအစိတ်အပိုင်းတွေက မြင့်တက်လာတဲ့အပြင်အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်ပြီးမထိန်းညှိနိုင်တော့တဲ့အချိန်မှာ ကျန်းမာရေးပြဿနာတွေဖြစ်ပွားလာရတယ်။ အထူးသဖြင့်တော့ ပူပြင်းပြီး စိုထိုင်းစများတဲ့အချိန်တွေမှာပိုဖြစ်ပွားနိုင်ပါတယ်။ စိုထိုင်းစများနေတဲ့အခြေအနေမှာ ခန္ဓာကိုယ်က အပူချိန်ကိုထိန်းတဲ့ ချွေးထွက်တဲ့လုပ်ငန်းစဉ်ကျဆင်းလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အလွန်မြင့်မားတဲ့ အပူချိန်ဟာ ဦးနှောက်အပါအ၀င် အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နိုင်တဲ့အပြင် အပူရှိန်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်နှင့် အခြားဓါတ်များဆုံးရှုံးမှုကို မဖြည့်တင်းခြင်းကြောင့်လည်း ကျန်းမာရေးပြဿနာတွေဖြစ်ပွားနိုင်ပါတယ်။ အပူကြောင့်ဖြစ်ပွားတဲ့ ပြဿနာတွေဟာ အဓိကအားဖြင့်တော့ အသက် ၄နှစ်အောက် ကလေးငယ်များ၊ အသက် ၆၅နှစ်အထက် လူကြီးများ၊ အ၀လွန်သူများ၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူများ၊ စိတ်ရောဂါရှိသူများ၊ နှလုံးနှင့် သွေးတိုးရောဂါရှိသူများ၊ အရက်သောက်သုံးထားသူများမှာ ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

အပူရှပ်ခြင်း (Heat Stroke)
ဘာ့ကြောင့်ဖြစ်တာလဲ - အပူရှပ်ခြင်းဟာ ဆေးပညာအရ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အရေးပေါ်ကုသမှုခံယူရမယ့် အခြေအနေတစ်ခုဖြစ်ပါတယ်။ အပူကြောင့်ဖြစ်ပွားစေသော ကျန်းမာရေးပြဿနာများအနက် အဆိုးရွားဆုံးဖြစ်ပြီး သေဆုံးတဲ့အထိ ဒါမှမဟုတ် တစ်သက်လုံး ဒုက္ခိတဖြစ်သွားစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ ခန္ဓာကိုယ်ရဲ့ အပူချိန်ညှိမှု ပျက်ယွင်းသွားတဲ့အတွက်ကြောင့်ဖြစ်ရတာပါ။ အပူရှိန်တအားတက်လာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ ၁၀၅ ဖာရင်ဟိုက်(၄၀ ဒဿမ ၅ ဆဲလ်စီးယပ်စ်) အထိရောက်လာတဲ့အခါ ဦးနှောက်နဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတော့တယ်။ အပူရှပ်ခြင်းနှစ်မျိုးရှိပြီး တစ်မျိုးကတော့ နေပူထဲပြင်းထန်တဲ့လှုပ်ရှားမှုတွေပြုလုပ်တဲ့ လူငယ်များမှာ ဖြစ်ပွားတတ်ပြီး နောက်တစ်မျိုးကတော့ လှုပ်ရှားမှုသိပ်မပြုတဲ့ အသက်ကြီးတဲ့သူများ၊ ကလေးငယ်များနှင့် ကာလကြာရှည် နေမကောင်းဖြစ်နေတဲ့သူတွေမှာ ဖြစ်ပွားတတ်ပါတယ်။

ဘာတွေဖြစ်မလဲ - ခန္ဓာကိုယ်အပူချိန်အလွန်အမင်းတက်လာခြင်း (၁၀၄ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ထက်ပိုများမယ်)၊ အရေပြားဟာ ပူပြီးနီနေမယ် ချွေးတွေနဲ့စိုစွတ်နေမယ် ဒါမှမဟုတ် ခြောက်သွေ့နေမယ်၊ နှလုံးခုန်နှုန်းမြန်နေမယ်၊ အသက်ရှုရကြပ်နေမယ်၊ ခေါင်းကိုက် ခေါင်းမူး ပျို့အန်ဖြစ်မယ်၊ အာရုံထွေပြားနေပြီး ဂဏာမငြိမ်ဖြစ်မယ်၊ အရမ်းဆိုးလွန်းရင် တက်မယ်၊ သတိလစ်ပြီး ကိုမာထိ ဖြစ်နိုင်ပါတယ်။

ဘာတွေလုပ်မလဲ - လူတစ်ယောက်မှာအထက်မှာ ဖော်ပြထားတဲ့လက္ခဏာတွေတွေ့ပြီဆိုရင် ထိုလူကို အေးတဲ့နေရာတစ်ခုခုကို ချက်ခြင်းခေါ်သွားပါ။ အ၀တ်အစားတွေချွတ်ပစ်ပါ။ အမြန်ဆုံးအေးသွားစေမယ့် ရရှိနိုင်တဲ့နည်းလမ်းကို အသုံးပြုပါ။ ရေကန်ထဲ စိမ်ထားခြင်းကစလို့ ရေပန်းဖြင့် အေးအောင်လုပ်ခြင်း၊ ပန်ကာများ အဲယားကွန်းများအသုံးပြုပြီး အေးအောင်လုပ်ခြင်း၊ ရေခဲထုပ်များကပ်ထားခြင်းစတဲ့ နည်းလမ်းအကုန်သုံးလို့ရပါတယ်။ သတိရနေသေးရင် အေးတဲ့ ဖျော်ရည်၊ ရေ အစရှိတာတွေတိုက်ကျွေးပါ။ အရက်နဲ့ဆက်စပ်အရာများကိုတော့ တိုက်ကျွေးခြင်းမပြုပါနဲ့။

အပူဒဏ်ကြောင့် ရေနှင့် ဆားဓါတ်ဆုံးရှုံးမှုများခြင်း (Heat exhaustion)
ဘာ့ကြောင့်ဖြစ်တာလဲ - မြင့်မားတဲ့ခန္ဓာကိုယ်အပူရှိန်ကို အေးအောင်လုပ်ဖို့အတွက် ခန္ဓာကိုယ်က ချွေးထွက်ပေးရပါတယ်။ အလွန်အမင်းချွေးထွက်များတဲ့အခါမှာ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဆားဓါတ်တွေပါ ဆုံးရှုံးရပါတယ်။ အဓိကအားဖြင့်တော့ ပူတဲ့နေရာမှာ အပြင်းအထန်လှုပ်ရှားမှုပြုတဲ့အခါ ဖြစ်တတ်ပါတယ်။

ဘာတွေဖြစ်မလဲ - ဒီအခြေအနေမှာတော့ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ဒါမှမဟုတ် အနည်းငယ်တက်နေတတ်ပါတယ်။ ဒါပေမယ့် အပူရှပ်တာလိုမျိုး အရမ်းအမြင့်ကြီးတော့ဖြစ်မနေပါဘူး။ ချွေးထွက်အရမ်းများမယ်၊ ဖြူပတ်ဖြူရော်ဖြစ်နေမယ်၊ ကြွက်သားတွေနာကျင်မယ် ကြွက်တက်မယ်၊ မောပန်းနွမ်းနယ်နေမယ်၊ ခေါင်းမူး ခေါင်းကိုက်မယ်။ အရေပြားဟာ အေးပြီး စိုစွတ်နေမယ်။ သွေးခုန်နှုန်းအရမ်းမြန်ပြီး အားလျော့နေမယ်။ ဒီအခြေအနေမှာ ကုသမှုမရှိဘူးဆိုရင် အပူရှပ်တဲ့အဆင့်ထိရောက်သွားနိုင်ပါတယ်။

ဘာတွေလုပ်မလဲ - ရေအပါအ၀င် အလ်ကိုဟောမပါတဲ့ အေးတဲ့အဖျော်ယမကာများ သောက်သုံးပါ၊ ဓါတ်ဆားရည်သောက်ပါ၊ အေးမြတဲ့နေရာမှာ နားခိုပါ၊ ရေချိုးပါ၊ အပူချိန်ညှိမှုကို တားဆီးနေတဲ့ အ၀တ်အစားများကို ဖယ်ရှားပစ်ပါ။

အပူဒဏ်ကြောင့် ကြွက်တက်ခြင်း (Heat Cramps)
ဘာ့ကြောင့်ဖြစ်တာလဲ -  ဒီပြဿနာဟာလည်း ချွေးထွက်များတာကြောင့်ဖြစ်တာပါပဲ။ ချွေးထွက်များတဲ့အခါမှာ ခန္ဓာကိုယ်က ဆားဓါတ်တွေ နည်းလျော့နည်းသွားတယ်။ နေ့စဉ်ကောင်းမွန်စွာရှင်သန်နေထိုင်ရန်အတွက် ခန္ဓာကိုယ်ဟာ ဆားဓါတ်များကို ညီမျှအောင်ထိန်းသိမ်းထားရပါတယ်။ အဲဒီဓါတ်တွေ မညီမျှမှုတွေဖြစ်လာရင်တော့ ပြဿနာတွေဖြစ်ပေါ်လာပါတယ်။ ချွေးထွက်များတဲ့အတွက် ဆားဓါတ်တွေနည်းပါးခြင်းက ကြွက်သားတွေကို နာကျင်စေပါတယ်။

ဘာတွေဖြစ်မလဲ - လှုပ်ရှားနေတဲ့အချိန် ကြွက်သားတွေတောင့်တင်းပြီး နာကျင်နေပါမယ်(အများအားဖြင့်တော့ ဗိုက်သား၊ လက်မောင်းနဲ့ ခြေထောက်တွေမှာပါ)။

ဘာတွေလုပ်မလဲ - လှုပ်ရှားမှုပြုနေတာတွေကို ရပ်တန့်ပစ်လိုက်ပါ။ အေးတဲ့နေရာတစ်ခုမှာ အနားယူပါ။ ရေ၊ အဖျော်ယမကာ၊ ဓါတ်ဆား အစရှိတာတွေသောက်ပါ။ ဖြစ်တဲ့နေရာကို အကြောလျှော့ပါ။ ကြွက်တက်ပြီးနောက် အပူရှပ်ခြင်းနဲ့ ရေနှင့် ဓါတ်ဆားဓါတ်များ အလွန်အမင်းဆုံးရှုံးခြင်းတို့ ထပ်မံဖြစ်ပေါ်နိုင်တဲ့အတွက် ဖြစ်ပြီးနောက်ထပ်နာရီအနည်းငယ်အထိ ပြင်းထန်တဲ့ လှုပ်ရှားမှုများကို ရှောင်ကျဉ်ပါ။

အပူဒဏ်ကြောင့် မူးမိုက်လဲခြင်း (Heat Syncope)
ဘာ့ကြောင့်ဖြစ်တာလဲ - နေပူထဲမှာ အချိန်အကြာကြီးရပ်နေတာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်နေတာ၊ အိပ်နေရာကနေ ရုတ်တရက်ထလိုက်တာ၊ ထိုင်လိုက်တာမျိုးတွေမှာ မူးမိုက်ပြီး လဲကျသွားတာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ အပူဒဏ်ကိုခံစားနေကျမဟုတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ သူကလည်း ရေဓါတ်ဆုံးရှုံးမှုကြောင့်ပဲဖြစ်ပေါ်ပါတယ်။

ဘယ်လိုဖြစ်မလဲ - ခေါင်းမူး ခေါင်းကိုက်ဖြစ်မယ်၊ မူးမိုက်ခြင်း၊ မျက်လုံးပြာဝေသွားခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဘာတွေလုပ်မလဲ - အေးမြပြီး အရိပ်ရတဲ့နေရာတစ်ခုမှာ နားနေပါ၊ လူနာကို လှဲခိုင်းထားပြီး ခြေထောက်ကို မပေးထားပါ။ ရေအပါအ၀င် အလ်ကိုဟောမပါတဲ့ အဖျော်ယမကာ တစ်မျိုးမျိုး သောက်သုံးနိုင်ပါတယ်။

အပူမိတ်ထွက်ခြင်း (Heat Rash)
ဘာ့ကြောင့်ဖြစ်တာလဲ - အပူမိတ်ဟာ ပူအိုက်ပြီး စိုစွတ်တဲ့ရာသီတွေမှာ အရေပြားဓါတ်မတည့်ဖြစ်ခြင်းပါ။ ချွေးထွက်များတဲ့အတွက် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ ချွေးထွက်များတဲ့အခါ ချွေးပေါက်လမ်းကြောင်းများ ပိတ်ဆို့မှုဖြစ်ပွားတဲ့အတွက် အဖုလေးတွေလိုမျိုးဖြစ်လာပြီး ယားယံလာရပါတယ်။ ဘယ်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပေမယ့် အသက်ငယ်ရွယ်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ဘာတွေဖြစ်မလဲ - အပူမိတ်တွေဟာ အနီရောင်အဖုငယ်လေးများ သို့မဟုတ် အရည်ကြည်ဖုလေးများ အစုလိုက်ဖြစ်ပေါ်ပါတယ်။ ယားယံနိုင်ပါတယ်။ လည်ပင်း၊ ရင်ဘက်အပေါ်ပိုင်း၊ ပေါင်ကြားများမှာ အဓိကဖြစ်ပေါ်ပါတယ်။

ဘာတွေလုပ်မလဲ - အကောင်းဆုံးကတော့ အပူရှိန်ကနေ တတ်နိုင်သမျှရှောင်နေပါ။ မိတ်ထွက်နေတဲ့နေရာတွေကို ခြောက်သွေ့အောင်ထားပါ။ ပေါ့ပေါ့ပါးပါးရှိတဲ့ အ၀တ်အစားများ ၀တ်ဆင်ပါ။ နေသာထိုင်သာရှိအောင် ပေါင်ဒါအသုံးပြုလို့ရပါတယ် ဒါပေမယ့် အဆီများနှင့် ခရမ်များအသုံးပြုခြင်းကတော့ အပူမိတ်ကို ပိုဆိုးစေနိုင်တဲ့အတွက် ရှောင်ကြဉ်ပါ။ ကုတ်ဖဲ့မှုမပြုဘဲ ပွတ်သတ်မှုသာ ပြုလုပ်ပေးပါ။ ကုတ်ဖဲ့ခြင်းက ပိုးဝင်ပြီး ပြည်တည်ယောင်ရမ်းမှုတွေပိုဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေမှာ အများဆုံးဖြစ်တတ်တဲ့အတွက် ကလေးငယ်များရဲ့ လက်သည်းများကို ညှပ်ပေးထားပါ။ အရေပြားပိုးဝင်ယောင်ရမ်းနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ကုသမှုခံယူရပါလိမ့်မယ်။

အပူဒဏ်ကာကွယ်ရေး
၁။ ရေများများသောက်ပါ။ ရေကိုမဆာလည်းဘဲ သောက်ပေးပါ။ အရက်နှင့် ကဖိန်းပါတဲ့အဖျော်ယမကာများကိုတော့ ရှောင်ကြဉ်ပါ။
၂။ ကုန်ဆုံးသွားတဲ့ ဆားဓါတ်နှင့် သထ္ထုဓါတ်များ ပြန်လည်ဖြည့်တင်းပါ။ ဓါတ်ဆားရည်သောက်ခြင်း၊ ရေဆူဆေးပြားသောက်ခြင်းတို့ဖြင့် ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။
၃။ ပေါ့ပေါ့ပါးပါးရှိတဲ့ အ၀တ်အစားများ၊ အရောင်ဖျော့သော အ၀တ်အစားများကို ၀တ်ဆင်ပါ။ ထီးဆောင်းပါ။ ဦးထုပ်ဆောင်းပါ။ နေလောင်ခံခရမ်အသုံးပြုပါ။
၎။ တတ်နိုင်သမျှ အေးမြသော အရိပ်ထဲမှာနေပါ။ ပူလောင်သော အစားအစာများကို ရှောင်ကျဉ်ပါ။ ဖော်ပြထားတဲ့ အပူကြောင့်ဖြစ်တဲ့လက္ခဏာများ ဖြစ်ပေါ်လာပါက ချက်ခြင်း ကုသမှုခံယူပါ။

Thursday, 9 May 2013

ဆယ်ကျော်သက်အရွယ် ပြဿနာများ

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလိုပဲ လူငယ်ဆိုတာ နောင်အနာဂါတ်ရဲ့ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ လူငယ်ဘ၀ဆိုတာ တက်ကြွမှုတွေ၊ ပျော်ရွှင်မှုတွေ၊ အင်အားတွေနဲ့ ပြည့်စုံနေတဲ့အခြေအနေတစ်ခုပါ။ ဒီလိုပြည့်စုံပျော်ရွှင်ဖို့ ကောင်းသလိုပဲ ဆယ်ကျော်သက်လူငယ်ဆိုတာ အခက်အခဲတွေကြုံနဲ့ ရင်ဆိုင်ကြုံတွေ့ရဆုံး အသက်အရွယ်တစ်ခုလည်းဖြစ်ပါတယ်။ အသက်ကြီးမှပြန်စဉ်းစားကြည့်ရင် ဘာမှအရေးမပါတဲ့အရာတွေလို့ ထင်ရပေမယ့်လည်း ဆယ်ကျော်သက်ဘ၀မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေဟာ သူ့အသက်အပိုင်းခြားမှာတော့ တကယ်ကို ခက်ခဲပြီး ဖြေရှင်းရခက်တဲ့ ပြဿနာမျိုးတွေ၊ ၀မ်းနည်းကြေကွဲရတဲ့ အခက်အခဲတွေဖြစ်နေတတ်တဲ့အတွက် အလေးထားစရာမလိုတဲ့ ပြဿနာတွေတော့ မဟုတ်ပါဘူး။

၁။ ခန္ဓာကိုယ်ပြောင်းလဲမှုများ
ဆယ်ကျော်သက်ဘ၀မှာ ပထမဆုံးစတင်ရင်ဆိုင်ရတဲ့အခက်အခဲကတော့ လူပျိုဖော် အပျိုဖော်ဝခင်ချိန် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ လိင်အင်္ဂါများဖွံ့ဖြိုးလာခြင်း၊ အမွေးအမှင်များ ပေါများလာခြင်း၊ ခန္ဓာကိုယ်အရွယ်အစားပြောင်းလဲမှုနဲ့ အသံပြောင်းလဲလာခြင်းများ၊ မိန်းကလေးများမှာ ရာသီသွေးစတင်ပေါ်လာခြင်းများ တို့ဖြစ်ကြပါတယ်။ လူတိုင်းကြုံတွေ့ရတဲ့အရာတွေဆိုပေမယ့် လူပျို အပျိုဖော်ဝင်ချိန်အရွယ်တွေအတွက်တော့ ထိတ်လန့်စရာတွေဖြစ်နေတတ်တယ်။ ဒီလိုအချိန်တွေ၊ အနေအထားတွေဟာ လူတိုင်းမလွဲမသွေကြုံတွေ့ရတဲ့ အခက်အခဲတွေဆိုတာကို နားလည်လာအောင် ဆွေးနွေးပေးရမယ်၊ အားပေးကူညီရမယ်။ ၀က်ခြံထွက်တာ ခန္ဓာကိုယ်အနံ့အသက်ထွက်တာတွေဟာ ဆယ်ကျော်သက်တွေအတွက်တော့ ရင်ဆိုင်ရတဲ့အဆိုးဆုံးအခက်အခဲတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အနံ့အသက်ထွက်လာတာတော့ အထူးသဖြင့်ယောကျာ်းလေးတွေမှာ ပိုဖြစ်တတ်ပြီး ၀က်ခြံကတော့ မိန်းကလေးရော ယောက်ျားလေးရော ခံစားရတတ်ပါတယ်။ အရွယ်ရောက်ချိန်မှာ အင်ဒရိုဂျင်ဟော်မုန်းကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေကို နားလည်အောင်မရှင်းပြထားဘူး၊ အကူအညီမပေးဘူးဆိုရင် အားငယ်စိတ်တွေ၊ ရှက်ရွံ့မှုတွေခံစားရတာကြောင့် လူတောထဲမတိုးရဲအောင်ဖြစ်တတ်ပါတယ်။

၂။ မူးယစ်စေတတ်သော အရာများ
လူငယ်တွေဟာ စူးစမ်းချင်တယ်၊ လေ့လာချင်တယ်။ မမြင်ဖူးရင်ကြည့်ချင်တယ်၊ မလုပ်ဖူးရင် စမ်းကြည့်ချင်တယ်။ ဒီစိတ်ဓါတ်ဟာ  အောင်မြင်မှုတွေအတွက် တက်လမ်းတွေအတွက် အရေးကြီးတဲ့ စိတ်ဓါတ်ဆိုပေမယ့်လည်း စူးစမ်းတတ်တဲ့ဒီစိတ်ဓါတ်ကပဲ မူးယစ်သားကောင်တွေအဖြစ်ရောက်ရှိသွားစေနိုင်တယ်။ လူငယ်တွေဟာ ကိုယ့်ကိုကိုယ်စိတ်ဓါတ်ခိုင်မာတဲ့သူလို့ ထင်ကြတဲ့အတွက် ဒီလောက်လေးနဲ့တော့ မစွဲတတ်ပါဘူး။ ငါ့စိတ်ငါနိုင်ပတယ်ဆိုတဲ့အတွေးတွေနဲ့ပဲ မူးယစ်ဆေးရဲ့ကျေးကျွန်တွေဖြစ်သွားတတ်တာကြောင့် ဒီအရာတွေကိုတော့ မစခင်ကတည်းက ဝေေ၀းရှောင်ကျဉ်သင့်ပါတယ်။

၃။ လိင်မှုကိစ္စ
ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာ ဆန့်ကျင်ဘက်လိင်တွေကို စိတ်ဝင်စားမှုဖြစ်ပေါ်လာတယ်။ ဒီအခါမှာ လိင်မှုကိစ္စတွေအတွက် လက်တွေ့စမ်းသပ်ချင်တဲ့စိတ်တွေဖြစ်လာတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လိင်မှုကိစ္စ ပညာပေးတာမျိုးနည်းပါးတဲ့အတွက်ကြောင့် မဖြစ်သင့်တဲ့ပြဿနာတွေဖြစ်ပေါ်စေတယ်။ လူငယ်ဘ၀မှာ လိင်မှုကိစ္စတွေသိချင်လာတာဟာ ရှက်စရာအလေ့အထတစ်ခုအဖြစ် မမှတ်ယူထားဖို့ အရေးကြီးတယ်။ လူငယ်တွေအနေနဲ့ မိမိသိချင်တာတွေ မေးမြန်းချင်တာတွေကို မိဘများ၊ ဆရာများနဲ့ ပွင့်ပွင့်လင်းလင်းမေးမြန်းတိုင်ပင်ပါ။ တခဏတာ ပျော်ပါးမှုအတွက် နောင်တမရနေအောင် အခကြေးငွေနဲ့ပျော်ပါးတာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။ တစ်ကိုယ်ရေအာသာဖြေခြင်းနဲ့ ကိုယ်ဝန်တားနည်းများအကြောင်းကို နားလည်လာအောင်လုပ်ပါ။ တကိုယ်ရေအာသာဖြေခြင်းဟာ လူငယ်များရဲ့ လိင်မှုစိတ်တင်းအားကိုလျော့ပါးစေတဲ့ ဘေးအန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို နားလည်ပါ။ တကိုယ်ရေအာသာဖြေခြင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးထိခိုက်တယ်၊ လိင်စိတ်ပြင်းထန်တယ်၊ ခန္ဓာကိုယ်မဖွံ့ဖြိုးစေဘူး အစရှိတဲ့လွဲမှားတဲ့ အယူအဆတွေကို လျစ်လျူရှုပါ။

၎။ စိတ်ခံစားချက်များ
သစ်ရွက်ကြွေတာတောင် ရယ်ချင်တယ်ဆိုတဲ့အရွယ်ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်ပါတယ်။ စိတ်ခံစားမှုအပြောင်းအလဲများပြီး လူကြီးတွေကိုအန်တုချင်တဲ့စိတ်တွေဖြစ်နေတယ်၊ စိတ်တိုလွယ်တယ်၊ ၀မ်းနည်းလွယ်တယ်၊ စိတ်ဓါတ်ကျတယ်။ ကိုယ်တစ်ယောက်တည်းဖြစ်နေတယ်လို့တော့ မထင်ပါနဲ့။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဆယ်ကျော်သက်အရွယ်မှာ လူတိုင်းကြုံတွေ့နေရတဲ့ အခြေအနေတစ်ခုပါ။ အလွန်အကျွံမဖြစ်အောင်ပဲထိန်းချုပ်ပါ။ လုံးဝ မဖြစ်အောင် ကိုယ့်ကိုကိုယ်ခုခံမနေပါနဲ့။ အတုယူစရာပုဂ္ဂိုလ်တစ်ယောက်ကို စံအဖြစ်ထားပါ။ လူကြီးများနဲ့ နားလည်မှုယူနိုင်အောင်လုပ်ပါ။ လက်သင့်ခံလောက်နိုင်တဲ့ အခြေအနေတွေကိုလက်ခံပြီး ကိုယ့်အခက်အခဲတွေရှင်းပြပါ။

ဒီမှာဖော်ပြထားတဲ့ ပြဿနာတွေဟာ တွေ့ရအများဆုံးပြဿနာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်သက်တွေမှာ အခြားပြဿနာများစွာလည်း ရှိနေနိုင်သေးတယ်။ တစ်ခုသိထားရမှာက ဘယ်လိုအခက်အခဲပြဿနာမျိုးပဲဖြစ်ဖြစ် ဖြေရှင်းလို့မရတဲ့အရာဆိုတာ မရှိဘူးဆိုတာကို နားလည်ထားပြီး ဒါတွေဟာလူတိုင်းကြုံတွေ့ရတဲ့အခက်အခဲဆိုတာကို ဆယ်ကျော်သက်များလက်သင့်ခံထားရပါလိမ့်မယ်။

Saturday, 4 May 2013

ဘလော့ပရိသတ်များအား တောင်းပန်ခြင်း။

ကျွန်တော်အခုတလော အရမ်းအလုပ်များနေတဲ့အတွက် ပို့စ်အသစ်တွေလည်း မတင်နိုင်ဖြစ်နေပါတယ်။ ပိုဆိုးတာက မေးခွန်းတွေကိုတောင် မဖြေနိုင်ဖြစ်နေတဲ့အတွက် စောင့်နေရတဲ့သူတွေအကုန်လုံးကို အထူးတောင်းပန်ပါတယ်။ သိပ်မကြာခင် ကျွန်တော်အချိန်တစ်ခုယူပြီး မေးခွန်းတွေကို ပြန်ဖြေဆိုပေးပါ့မယ်ခင်ဗျာ။

Saturday, 13 April 2013

သွေးတိုးရောဂါအကြောင်း သိကောင်းစရာများ (Hypertension)




သွေးတိုးဆိုတာတော့ လူတိုင်းလောက်နီးပါးကြားဖူးလိမ့်မယ်ထင်ပါတယ်။ အခုခေတ်နောက်ပိုင်းမှာ အသံတိတ်လူသတ်လက်နက်အဖြစ် ထင်ရှားလာပါတယ်။ အသက်ကြီးလာလေ သွေးတိုးဖြစ်ဖို့ များလာလေဆိုပေမယ့်လည်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံနဲ့ နေထိုင်စားသောက်မှုဓလေ့တွေကြောင့် အသက်ငယ်ရွယ်သူတွေမှာပါ သွေးတိုးရောဂါ ပေါပေါများများဖြစ်နေကြပါတယ်။ သွေးတိုးရောဂါဟာ လေဖြတ်ခြင်းနဲ့ နှလုံးကြွက်သားပုပ်ခြင်းတို့ရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်းတဲ့အခါမှာ နှစ်မျိုးထွက်ပါတယ်။ Systolic and Diastolic blood pressure မြန်မာလိုဆိုရင်တော့ အပေါ်သွေးနဲ့ အောက်သွေးပါ။ နှလုံးက ညှစ်လိုက်တဲ့ဖိအား သွေးကြောတွေအပေါ်မှာ သက်ရောက်မှုပေါ်မူတည်ပြီး သွေးပေါင်ချိန်ကိုတိုင်းတာပါတယ်။ အပေါ်သွေးဆိုတာကတော့ နှလုံးညှစ်လိုက်တဲ့အချိန်မှာ သွေးကြောပေါ်ကို ကျရောက်တဲ့ဖိအားဖြစ်ပြီး အောက်သွေးဆိုတာကတော့ နှလုံးနားလိုက်တဲ့အချိန်မှာ သွေးကြောတွေအပေါ်မှာ ကျရောက်တဲ့ ဖိအားဖြစ်ပါတယ်။ ဥပမာ အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ဆိုရင် နှလုံးညှစ်လိုက်တဲ့အချိန် သွေးကြောတွေပေါ်သက်ရောက်တဲ့အားက ၁၂၀ဖြစ်ပြီး နှလုံးနားနေတဲ့အချိန်မှာ သွေးကြောအပေါ်သက်ရောက်တဲ့အားက ၈၀ ဖြစ်ပါတယ်။ Unit ကတော့ mmHg(millimeter mercury) ဖြစ်ပါတယ်။ သွေးတိုးတယ်ဆိုတာကတော့ အဲဒီ သွေးကြောတွေပေါ်ကျရောက်တဲ့ဖိအားတွေ သာမန်ထက်များနေတာပဲဖြစ်ပါတယ်။

သွေးပေါင်ချိန်ပုံမှန်။
အကောင်းဆုံးဆိုတဲ့သွေးပေါင်ချိန်ကတော့ အပေါ်သွေး ၁၂၀အောက်နဲ့ အောက်သွေး ၇၅အောက်ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် အပေါ်သွေး ၁၀၀ နဲ့ ၁၄၀ကြား အောက်သွေး ၆၀ နဲ့ ၉၀ ကြားကို ပုံမှန်သွေးပေါင်ချိန်လို့ခေါ်ဆိုနိုင်ပါတယ်။

ဘယ်လိုလူတွေ ကုသမှုလိုအပ်နေပြီလဲ။
ဘယ်အချိန်တိုင်းတိုင်း သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ဖြစ်နေပြီဆိုရင်တော့ ဒီလူဟာ သွေးတိုးရောဂါရှိနေပြီလို့ ဆိုနိုင်ပါတယ်။ သွေးတိုးရောဂါရှိပြီဆိုပေမယ့်လည်း ချက်ခြင်းကြီး ကုသမှုခံယူစရာမလိုသေးပါဘူး။ (ဒီနေရာမှာ စာအုပ်တစ်ခုနဲ့ တစ်ခု အနည်းငယ်လွဲနိုင်ပါတယ်။) ၁၄၀/၉၀ ၀န်းကျင်ဟာ အပျော့စားသွေးတိုးလို့ခေါ်ပြီး ဒီအခြေအနေမှာ ဆေးဝါးထက်စာရင် နေထိုင်စားသောက်မှုပုံစံပြောင်းခြင်း ဥပမာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသီးအရွက်စားခြင်း တို့နဲ့ထိန်းသိမ်းတာက ပိုပြီးအဆင်ပြေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန် ၁၆၀/၁၀၀ အထက်ရှိနေတဲ့သူတွေ ဒါမှမဟုတ် သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ တစ်မျိုးမျိုးတွဲနေပြီဆိုရင်တော့ ဆေးဝါးတွေနဲ့ ကုသမှုခံယူရပါတော့မယ်။ ဒီထဲမှာမှ သွေးပေါင်ချိန် အပေါ်သွေး ၁၈၀ကျော် ဒါမှမဟုတ် အောက်သွေး ၁၁၀ကျော်နေရင်တော့ အရေးပေါ်သွေးတိုးရောဂါ (Hypertensive Crisis) လို့ခေါ်ပြီး ကုသမှုမဖြစ်မနေ ခံယူရပါလိမ့်မယ်။

ဘာ့ကြောင့် သွေးတိုးရောဂါဖြစ်တာလဲ။
သွေးတိုးရောဂါကို အဓိကအားဖြင့်တော့ နှစ်မျိုးခွဲခြားပါတယ်။ Primary Hypertension and Secondary Hypertension ဆိုပြီးတော့ပါ။ Primary Hypertension ဟာ သွေးတိုးရောဂါရှိသူစုစုပေါင်းရဲ့ ၉၅ရာခိုင်နှုန်းလောက်မှာဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ Primary Hypertension ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာကို အခုချိန်ထိ လူတွေနားမလည်နိုင်ကြသေးပါဘူး။ ဒီလိုမျိုးဘာ့ကြောင့်ဖြစ်ရတာလဲဆိုတဲ့အကြောင်းရင်းကို နားမလည်ခြင်းက သွေးတိုးရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေသော ရောဂါမျိုးမဟုတ်ဘဲ သွေးပေါင်ချိန်ပုံမှန်ဖြစ်နေအောင် ထိန်းထားလို့ပဲရတဲ့ ရောဂါတစ်မျိုးဖြစ်နေစေပါတယ်။ ကျန်တဲ့ သွေးတိုးရောဂါရှင် ၅ရာခိုင်နှုန်းကတော့ Secondary Hypertension လို့ခေါ်တဲ့ နှလုံး၊ ကျောက်ကပ်၊ ဟော်မုန်း တစ်မျိုးမျိုး မူမမှန်ခြင်းကြောင့် ဖြစ်ရတာပါ။ Primary Hypertension နဲ့ကွာတဲ့အချက်ကတော့ အဲလိုမူမမှန်တဲ့ နှလုံး၊ ကျောက်ကပ်၊ ဟော်မုန်းရောဂါတွေကို ပုံမှန်ပြန်ဖြစ်အောင် ကုသနိုင်ပြီဆိုရင် သွေးတိုးရောဂါပါ ပျောက်သွားတာဖြစ်ပါတယ်။

သွေးတိုးရင် ဘာလက္ခဏာတွေပြမလဲ။
သွေးတိုးရောဂါဟာ လက္ခဏာမည်မည်ရရ မပြတတ်ပါဘူး။ ဒီလိုလက္ခဏာမည်မည်ရရ မပြတတ်ခြင်းကိုက သွေးတိုးရောဂါကို ကြောက်ဖို့ကောင်းစေပါတယ်။ ညတုန်းကအိပ်တာအကောင်းပဲ မနက်ကျတော့ လေဖြတ်ပြီးသေနေပြီ၊ ဦးနှောက်သွေးကြောပြတ်သွားပြီ အစရှိတာတွေဟာ သွေးတိုးရောဂါရဲ့ အသံတိတ်လူသတ်တတ်တဲ့ပုံစံကိုပြနေတာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နားထဲကလေထွက်ခြင်း၊ မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်းတို့တွေက သွေးတိုးနေရင်ပြတတ်တဲ့လက္ခဏာတွေဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာဖြစ်မနေတတ်ပါဘူး။ တချို့တွေဆိုရင် သွေးပေါင်ချိန် ၂၀၀နားနီးနေတဲ့အချိန်မှာတောင် ခေါင်းမူး ခေါင်းကိုက် ဘာလက္ခဏာမှမပြဘဲ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် သွေးပေါင်ချိန်ကို ပုံမှန်ချိန်ပေးခြင်းကသာလျှင် သွေးတိုးရောဂါရှိမရှိကို အကောင်းဆုံးသိရှိနိုင်ပါလိမ့်မယ်။

သွေးတိုးရောဂါကုသခြင်း။
ကုသတယ်ဆိုတာထက်စာရင် Management(စီမံခန့်ခွဲခြင်း) ဆိုတဲ့စကားလုံးသုံးရမှာဖြစ်ပါတယ်။ သွေးတိုးရောဂါကိုကုသတဲ့အခါမှာ Life style modification(လူနေစားသောက်မှုဓလေ့များ ပြောင်းလဲခြင်း) နဲ့ Medication (ဆေးဝါးများဖြင့်ကုသခြင်း) နှစ်မျိုးလုံးနဲ့ ကုသရပါတယ်။ အများအားဖြင့်တော့ မြန်မာနိုင်ငံကလူအများစု သွေးတိုးရောဂါကိုကုသရာမှာ ဆေးဝါးများကို အားကိုးတာများပြီး နေထိုင်စားသောက်မှုပုံစံကိုတော့ ပြောင်းလဲမှုမရှိခြင်းက သွေးတိုးရောဂါကို မသက်သာပဲရှိစေပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း။
အဆီလျှော့စားပါ။ ဆေးလိပ်၊ အရက် ဖြတ်ပါ။ အငန်လျှော့ပါ (အငန်ဆိုရင် အများစုပြေးမြင်မိကြတာက ငံပြာရည်နဲ့ ဆားပဲဖြစ်ပါတယ်။ ငံပြာရည်နဲ့ ဆားအပြင် နေ့စဉ်စားသုံးနေကြတဲ့ ငါးပိ၊ ငါးခြောက်၊ အခြား ဆားသိပ်ထားတဲ့အရာများ၊ အချိုမှုန့်၊ ပွအောင် ဖွထားသော အစားအစာများ ဥပမာ အီကြာကွေးပွပွကြီးများ၊ ကိတ်မုန့်ပွပွကြီးများကပါ သွေးတိုးစေပါတယ်။ နောက်ဆုံး ပဲပြုတ်ကို ပွအောင်ဖွတဲ့အခါ ဆော်ဒါသုံးရပါတယ်၊ ဂျုံတွေကိုပွနေအောင် ဆော်ဒါသုံးရပါတယ်။ အဲဒီဆော်ဒါတွေကလည်း သွေးတိုးစေပါတယ်)။ ၀နေရင် ကိုယ်အလေးချိန်လျှော့ပါ။ BMI ကို 25 ကျော်မနေအောင် ထိန်းထားပါ (BMI ကတော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန် Kg ကို အရပ် metre နှစ်ထပ်ကိန်းနဲ့ စားရတာဖြစ်ပါတယ်။ စားလို့ရလာတဲ့ရလဒ်က ၁၈ကနေ ၂၅ကြားဆို ပုံမှန်ဖြစ်ပါတယ်။ ၂၅ကျော်ရင် အ၀လွန်နေပါပြီ)။ အသီးအရွက်နဲ့ ငါးများများစားပေးပါ။ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လမ်းလျှောက်ပါ။

ဆေးဝါးများဖြင့် ကုသခြင်း။
သွေးတိုးရောဂါဟာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါကို အဓိကဖြစ်စေပါတယ်။ နှစ်ခုလုံးက သေစေနိုင်ပါတယ်။ မသေဘူးဆိုရင်တောင်မှ ဒုက္ခိတဘ၀နဲ့ နေသွားရနိုင်ပါတယ်။ ကြောက်ဖို့ကောင်းသလို ကာကွယ်လို့လည်းရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက သွေးတိုးရောဂါရှိတဲ့ လူအတော်များများဟာ သွေးတိုးရောဂါကို ကြောက်စရာတစ်ခုအဖြစ် မမြင်နိုင်ကြဘူးဖြစ်နေတယ်။ ဆေးသောက်တဲ့အခါမှာလည်း ကိုယ့်စိတ်ထဲမှာ သွေးတိုးနေတယ်လို့ထင်တဲ့အခါမှသာ သောက်တာမျိုးတွေလုပ်တတ်ကြပြီး ပုံမှန်ဆေးကုသမှုခံယူဖို့ စိတ်မ၀င်စားတတ်ကြဘူး။ ဒါတွေဟာ မြန်မာနိုင်ငံမှာ လေဖြတ်ခြင်းနဲ့ နှလုံးကြွက်သားပုပ်ခြင်းကြောင့် သေဆုံးရတဲ့သူတွေ၊ ဒုက္ခိတဖြစ်ရတဲ့သူတွေ များပြားရခြင်းရဲ့ အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။ သွေးတိုးရောဂါဟာ လုံးဝအမြစ်ပြတ်အောင် ကုသလို့ရတဲ့ရောဂါတစ်မျိုးမဟုတ်တာကြောင့် ပုံမှန်ဆေးကုသမှုခံယူပြီး သွေးပေါင်ချိန်ကို ထိန်းထားဖို့လိုအပ်ပါတယ်။ နေ့စဉ်ပုံမှန် ဆေးသောက်သုံးပြီး သွေးပေါင်ချိန် ထိန်းထားဖို့လိုပါတယ်။ အသစ်အသစ်ထွက်ရှိလာတဲ့ သွေးတိုးကျဆေးတွေ အမျိုးမျိုးရှိပေမယ့်လည်း သွေးကျဆေးအနေနဲ့ အဓိကအားဖြင့်တော့ လေးမျိုးရှိပါတယ်။ Angiotensin Converting Enzyme Inhibitor (ဥပမာ Enalapril, Ramipril)၊ Adrenergic receptor blockers (ဥပမာ Atenolol, Doxazosin, Carvedilol)၊ Calcium Channel Blockers (ဥပမာ Amlodipine, Nifedipine)၊ Diuretics (ဥပမာ Furosemide, Hydroxychlorothiazide, Spironolactone) တို့ဖြစ်ကြပါတယ်။ ဒါ့အပြင် Vasodilators, ARB အစရှိတဲ့ ဆေးအမျိုးအစားတွေလည်းရှိပါသေးတယ်။ အသက်အရွယ်၊ သွေးတိုးရောဂါအခြေအနေ၊ အခြားတွဲဖြစ်နေတဲ့ရောဂါ အစရှိတဲ့အချက်အလက်တွေပေါ်မူတည်ပြီး ဆေးဝါးရွေးချယ်ရတာဖြစ်တဲ့အတွက် ဆေးဝါးနဲ့ကုထုံးတွေကို ခံယူတော့မယ်ဆိုရင်တော့ မိမိဘာသာ စိတ်ကြိုက်ဆေးလျှောက်သောက်တာထက်စာရင် ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးတာက အန္တရာယ်ကင်းပြီး အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။

Thursday, 4 April 2013

ဆရာဝန်ဘ၀ တစ်ခါလောက်တော့ ၀င်ခံစားကြည့်စေချင်ပါသည်။

ကျွန်တော်ဖေ့ဘွတ်စသုံးခါစက ဖေ့ဘွတ်မှာ ဆရာဝန်တွေ ဆေးရုံတွေနဲ့ပတ်သက်လို့ မကောင်းပြောတဲ့အခါကျရင် ဆတ်ဆတ်ခါအောင်နာတတ်တယ်။ ကျွန်တော်တို့ဘာလုပ်နေရတယ်ဆိုတာမျိုးတော့မသိဘဲ အမြဲတမ်းဆရာဝန်တွေကိုမှ မျက်လုံးဒေါက်ထောက်ကြည့်နေကြပါလားဆိုပြီး နာကျည်းခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းစဉ်းစားကြည့်တော့ ဆရာဝန်တွေနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကလွဲလို့ အပြင်လူတွေအနေနဲ့က ဆရာဝန်တွေရဲ့ ဘ၀ကိုခံစားပေးကြည့်လို့မှမရနိုင်တဲ့အပြင် ဘယ်လိုဆိုတာလည်း တိတိကျကျမှ မပြင်နိုင်တာပဲလေ။ ဒီတော့ အပြင်လူတွေအနေနဲ့က အပေါ်ယံအမြင်တွေနဲ့ပဲ၊ ကြားရတဲ့ သတင်းတွေနဲ့ပဲ ဆရာဝန်တွေအပေါ်အကဲဖြတ်ကြရတော့တာပေါ့။ တကယ်ဆို ဆရာဝန်တွေရဲ့ဘ၀ကို ဆရာဝန်တွေကိုယ်တိုင်က လူတွေနားလည်လာအောင် ရှင်းပြ ပြောပြမှ သူ့ဘက်ကိုယ့်ဘက် အမြင်တွေဆိုတာ ရှိလာနိုင်မှာပေါ့။

ကျွန်တော်အလုပ်သင်ဆရာဝန်ဖြစ်တော့ ပထမဆုံးစဆင်းရတာက သားဖွားမီးယပ်ဌာနမှာပါ။ မှတ်မှတ်ရရ စဆင်းပြီး ၆ရက်အကြာ ညဘက် ၁၁နာရီခွဲအချိန်လောက်မှာ ဆေးရုံကို ကိုယ်ဝန်ပျက်ကျတဲ့ (Miscarriage) လူနာတစ်ယောက်ရောက်လာတယ်။ စကားစပ်မိလို့ Miscarriage နဲ့ Abortion ဘာကွာလဲဆိုတာလေးပြောပါရစေ။ Miscarriage ဆိုတာက ဘေးပယောဂမပါဘဲ သူ့အလိုလို ပျက်ကျသွားတဲ့ကိုယ်ဝန်ကို ခေါ်တာပါ။ Abortion ဆိုတာကတော့ တစ်နည်းနည်းနဲ့ ဖျက်ချထားတဲ့ကိုယ်ဝန်ပါ။ အဲဒီလူနာရောက်လာတာက သွေးဆင်းမရပ်လို့ပါ။ သွေးတအားဆင်းနေတော့ တစ်ကိုယ်လုံးဖြူဆုတ်နေတဲ့လူနာဟာ သွေးပေါင်ချိန် အပေါ်သွေး ၆၀ လောက်ပဲရှိတော့တယ်။ စမ်းသပ်ပြီးတာနဲ့ အိုဂျီအမက ချက်ခြင်းအရေးပေါ်သားအိမ်ခြစ်ပါရော။ သားအိမ်ခြစ်ပြီးတော့ အသက်အန္တရာယ်ရှိနေသေးတဲ့ သွေးပေါင်ချိန်ကျနေတဲ့လူနာကို စောင့်ကြည့်ပေးဖို့က ကျွန်တော့်တာဝန်ဖြစ်လာပါတယ်။ ၁၅မိနစ်တစ်ခါ သွေးပေါင်ချိန်ပြီး သိပ်ကျနေတာမျိုးဆို အပေါ်ကိုဖုန်းဆက်ပြော၊ ညွှန်ကြားတာလုပ်ပေးနဲ့ ည ၁၂နာရီကျော်လောက်က ၁၅မိနစ်တစ်ခါချိန်ပေးတဲ့သွေးပေါင်ဟာ မနက် ၈နာရီကျော်တဲ့အချိန်ထိ တစ်ခါမှမပျက်ခဲ့ဘူး။ လုပ်ခဲ့ရတာက အဓိကမဟုတ်ပါဘူး။ လူနာအသက်အန္တရာယ်ကျော်လွှားနိုင်သွားပြီး နောက်တစ်ရက်ကျွန်တော်ဂျူတီပြန်ဝင်တဲ့အချိန်မှာ အဲဒီလူနာက ကျွန်တော့်ကို ဘီစကွတ်မုန့်လေးတစ်ထုပ် လက်ဆောင်ပေးတယ်။ အဖိုးတော့မတန်လှပါဘူး။ ဒါပေမယ့် အဲဒီလက်ဆောင်ဟာ သန့်ရှင်းတဲ့ မွန်မြတ်တဲ့ကျွန်တော့်ရဲ့အလုပ်အတွက် သူ့ဘက်ကအသိအမှတ်ပြုခြင်းလို့ ကျွန်တော်သဘောထားတယ်။ ပထမဆုံးလက်ဆောင်မို့ ကြည့်စမ်း ငါ့ကို လူနာလက်ဆောင်ပေးတယ်ကွလို့ လိုက်ကြွားခဲ့တာ ဆေးရုံတစ်ခုလုံးကုန်ရော။ ဖုန်းအသစ်ရတာနဲ့လည်းမတူ၊ စာမေးပွဲအောင်တာမျိုးနဲ့လည်းမတူ မြောက်ကြွ မြောက်ကြွဖြစ်နေတာ တစ်ပတ်လောက်ကိုရှိသွားတယ်။ လူနာကို အသက်ရှင်အောင်ကူညီနေတဲ့အချိန်မှာ ဆရာဝန်တွေအတွက် ရကောင်းပါစေလို့ သဘောမထားတတ်ကြပါဘူး။ အစိုးရဆေးရုံရဲ့ထုံးစံအတိုင်း နွမ်းပါးသူတွေဖြစ်တဲ့အတွက် ရဖို့လည်းမရှိပါဘူး။ ဒါပေမယ့် ဆရာဝန်တွေဘက်ကတော့ လူနာကို ဆင်းရဲတာ၊ ချမ်းသာတာ တကယ်မခွဲတတ်ကြတာ အမှန်ပါ။ အစိုးရဆေးရုံမှာ ဆင်းရဲတဲ့သူတွေအအော်ခံရတယ်ဆိုရင် ချမ်းသာတဲ့လူလည်း အအော်ခံရတာက မလွတ်ပါဘူး။ လူနာတစ်ယောက် ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာ အစိုးရဆေးရုံက ဆရာဝန်တွေအတွက်တော့ အသုံးဝင်လှတဲ့ သတ်မှတ်ချက်မဟုတ်ပါဘူး။

အမှန်တော့ အစိုးရဆေးရုံတွေမှာ ဆေးမရှိ၊ ပစ္စည်းကိရိယာမရှိဖြစ်နေတာကြောင့် မသေသင့်ဘဲ သေဆုံးရသူတွေအတွက် စိတ်ပျက်လက်ပျက်ဖြစ်ရတဲ့သူတွေထဲမှာ ပထမဆုံးကတော့ ဆရာဝန်တွေပါ။ ဆေးပညာဌာနမှာ ကျွန်တော်ဂျူတီကျတဲ့အချိန်မှာ ဆေးရုံတက်နေတာ နှစ်လလောက်ရှိနေပြီဖြစ်တဲ့ အဒေါ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့ရတယ်။ ကျောက်ကပ်ပျက်ဆီးမှုဖြစ်နေတာကို ကျောက်ကပ်အစားထိုးဖို့လည်း မတတ်နိုင်၊ သွေးစစ်တဲ့ကုထုံး (Dialysis therapy) ကိုလည်း မတတ်နိုင်ဖြစ်နေတော့ ရေတွေပြည့်ကျပ်နေတဲ့ဖောသွပ်သွပ် ခန္ဓာကိုယ်ကြီးနဲ့ အသက်ကို ကြိုးစားပမ်းစားရှူနေရတဲ့ သေဖို့စောင့်နေရတဲ့ အဒေါ်ကြီးပါ။ သူ့ကိုမြင်တိုင်း ကျွန်တော်တို့နိုင်ငံရဲ့ ညံ့ဖျင်းလှတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုပဲ အပြစ်တင်မိတယ်။ ညဘက်အမောဖောက်ဖောက်နေတဲ့ အသံကိုကြားရင် စိတ်ထဲမှာ လိုက်မောနေမိတယ်။ အားပေးရုံကလွဲလို့ ဘာမှမတတ်နိုင်တော့တဲ့အခြေအနေမှာ မချိမဆန့်ခံစားနေရတဲ့ သေခါနီးလူနာတစ်ယောက်ကို မချိတင်ကဲကြည့်နေရတဲ့ ဆရာဝန်တွေရဲ့ဘ၀ကို မြင်မိမယ်ဆိုရင် ဆေးရုံမှာ ဆရာဝန်တွေဘာမှ မလုပ်ပေးဘူးဆိုတဲ့စကားကိုပြောဖို့ ပြန်စဉ်းစားကြလိမ့်မယ်ထင်ပါတယ်။

အစိုးရဆေးရုံတွေဟာ ပိုက်ဆံတောင်းဖို့ကလွဲရင် တခြားဘာမှမလုပ်ပေးဘူး ဆေးဝယ်ခိုင်းလိုက် အော်ငေါက်လိုက်ပဲလုပ်နေတာလို့ စွပ်စွဲသံတွေကြားဖူးကြမှာပါ။ ဆေးရုံမှာ အော်တာငေါက်တာတွေရှိပါတယ်။ မငြင်းပါဘူး။ ဆေးဝယ်ခိုင်းရတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဆေးရုံတက်ရင် ဆေးဝယ်ခိုင်းမှာစိုးလို့ဆိုပြီး ဆေးရုံအပြင်နားမှာ ပါလာတဲ့ လက်ဝတ်လက်စားတွေချွတ်ပြီး သိမ်းဆည်းပြီးမှ ဆေးရုံဝင်တဲ့သူတွေကို တစ်ခါလောက်တွေ့ကြုံမိရင် ဆရာဝန်တွေဘာလို့ တတ်နိုင်လား မတတ်နိုင်လားမသိ ဆေးဝယ်ခိုင်းရတာလဲဆိုတာကို နားလည်ပေးနိုင်မယ်ထင်တယ်။ သဘောထား အဆိုးကြီးတွေပဲ မဟုတ်ပေမယ့်လည်း ၂၄နာရီဂျူတီဆင်းရတဲ့အခါ၊ လူနာတွေအများကြီးနဲ့ဆက်ဆံရလို့ ပင်ပန်းလာတဲ့အခါမျိုးမှာ အော်ငေါက်တာတွေ၊ လေသံမာတာမျိုးတွေရှိလာနိုင်တာပါပဲ။ လူနာတွေကို အော်ငေါက်တာ အမှန်လို့မဆိုလိုပါဘူး။ အမြဲတမ်းမဟုတ်တောင် တစ်ခါတလေလောက်ပဲဖြစ်ဖြစ် လူသားဆရာဝန်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုကို သိစေချင်တဲ့သဘောပါ။

ဆေးရုံတစ်ခုမှာ သနားစရာအကောင်းဆုံးက အလုပ်သင်ဆရာဝန်တွေရဲ့ဘ၀ပါ။ ကမ္ဘာပေါ်မှာ အ၀ီစိငရဲဟာ အောက်ဆုံးဖြစ်သလို ဆေးရုံမှာလည်း အလုပ်သင်ဆရာဝန်ဟာ အောက်ဆုံးဖြစ်ပါတယ်။ ဘယ်လောက်တောင် အောက်ဆုံးကျလဲဆိုရင် Ward ထဲဝင်လာတဲ့ ခွေးဟာ အလုပ်သင်ဆရာဝန်မောင်းရင် ပမာမခန့်နဲ့ ပြန်မထွက်ဘဲ တံခါးစောင့်လာမောင်းမှပဲ ထွက်ပြေးတယ်ဆိုတဲ့အထိ အောက်ဆုံးရောက်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဆူဆူပူပူနဲ့ ပင်ပင်ပန်းပန်းလုပ်ရတဲ့ဘ၀ကိုပဲ မက်မက်မောမောနဲ့ ပီတိစားချင်နေတဲ့ ကျွန်တော်တို့ကတော့ အလုပ်သင်ဆရာဝန်ဘ၀ကိုပဲ ပြန်ပြန်တမ်းတမိနေပြန်တယ်။ အော် ခက်ပါရဲ့ ပိုးဖလံမျိုးက မီးမှမတိုးဘဲမနေနိုင်တာပဲကိုး။

Wednesday, 6 March 2013

ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့် ကျန်းမာရေးအကျိုးဆက်များ


ဆောင်းအကုန် နွေအကူးသာရှိနေသေးပေမယ့်လည်း အခုတလော ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံထဲက မြို့တော်တော်များများမှာ နေမရ ထိုင်မရနဲ့ အတော်လေးကိုပူနေပါတယ်။ ပူနေရတဲ့ကြားထဲ နေရောင်ခြည်ထဲက မြန်မာနိုင်ငံအပေါ်ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်စံနှုန်း UV index ကလည်း အတော်များနေတဲ့အတွက် နေပူထဲအလုပ်လုပ်နေရတဲ့ နေရောင်ဒဏ်ခံနေရတဲ့သူတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ ခရမ်းလွန်ရောင်ခြည်ဆိုတဲ့စကားကို ကြားဖူးနေကြဖြစ်ပေမယ့်လည်း အများစုကတော့ ခရမ်းလွန်ရောင်ခြည်အကြောင်းနဲ့ ကောင်းကျိုးဆိုးပြစ်တွေကို အသေအချာမသိကြသေးတဲ့အတွက်ကြောင့် ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့် အကျိုးဆက်များကို တင်ပြလိုက်ရပါတယ်။
  
ခရမ်းလွန်ရောင်ခြည်
ခရမ်းလွန်ရောင်ခြည် Ultraviolet ဆိုတာဟာ လှိုင်းအလျား 10 nm ကနေ 400 nm ကြားက ရောင်ခြည်တွေဖြစ်ပါတယ်။ လူ့မျက်စိဟာ လှိုင်းအလျား 390 nm ကနေ 700 nm ကြားကိုပဲမြင်ရတဲ့အတွက် လူ့မျက်စိနဲ့တော့ ခရမ်းလွန်ရောင်ခြည်ကိုမမြင်ရပါဘူး။ လူတွေမမြင်ရပေမယ့် အင်းဆက်အချို့နဲ့ ငှက်များကတော့ ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်ကြပါတယ်။ အစောကဆိုခဲ့တဲ့အတိုင်း လှိုင်းအလျား 10nm ကနေ 400nm ကြားတွေကို ခရမ်းလွန်ရောင်ခြည် (Ultraviolet ray) လို့ အကုန်စုပေါင်းခေါ်ဆိုကြပေမယ့် လှိုင်းအလျားတွေအပေါ်မူတည်ကာ ခရမ်းလွန်ရောင်ခြည်ကို Ultraviolet, Ultraviolet A, Ultraviolet B, Ultraviolet C, Near Ultraviolet, Middle Ultraviolet, Far Ultraviolet, Extreme Ultraviolet, Vacuum Ultraviolet ဆိုပြီး အမျိုးအစားထပ်ခွဲထားပါသေးတယ်။ ခရမ်းလွန်ရောင်ခြည်များဟာ နေရောင်မှာအဓိကအများအပြားပါဝင်နေပေမယ့် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂၀ကျော်လောက်မှာကတည်းက အိုဇုန်းလွှာ(Ozone Layer) ရဲ့ စစ်ထုတ်ပေးလိုက်မှုကြောင့် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ စုစုပေါင်း ၃ရာခိုင်နှုန်းလောက်သာ လူသားတွေအပေါ်မှာသက်ရောက်မှုရှိပါတယ်။ သို့သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် အိုဇုန်းလွှာပါးလွှာမှုတွေဖြစ်ပေါ်လာခဲ့တဲ့နောက်မှာတော့ ကမ္ဘာကြီးပေါ်ကို ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုတွေပိုမိုများပြားလာပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ခရမ်းလွန်ရောင်ခြည်သင့်မှုကြောင့် ကျန်းမာရေးပြဿနာအများအပြားဖြစ်ပွားလာရပါတယ်။

ခရမ်းလွန်ရောင်ခြည်၏ ကောင်းကျိုးများ
ခရမ်းလွန်ရောင်ခြည်အများအပြားသင့်ခြင်းဟာ ကျန်းမာရေးဆိုးကျိုးများကိုဖြစ်ပေါ်စေပေမယ့် သင့်တင့်တဲ့ပမာဏရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကတော့ ကျန်းမာရေးအရကောင်းကျိုးတွေရှိပါတယ်။

ဗိုက်တာမင်ဒီဓါတ် - ခရမ်းလွန်ရောင်ခြည်ဟာ အရိုးအဆစ်တွေသန်မာဖို့ ဖွံ့ဖြိုးဖို့လိုအပ်တဲ့ ဗိုက်တာမင်ဒီဓါတ်ကို ခန္ဓာကိုယ်ကဖွဲ့စည်းတဲ့အခါမှာ အကူအညီပေးပါတယ်။ ဗိုင်တာမင်ဒီဓါတ်ဖြစ်ပေါ်ဖို့အတွက် ခရမ်းလွန်ရောင်ခြည်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။

အရေပြားရောဂါများကိုကုသခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ Vitiligo(ခရုသင်း) နဲ့ Psoriasis (ယားယံပြီးအရေပြားများ အကြေးခွံကဲ့သို့ ကွာကျတတ်သောရောဂါ) တွေကိုကုသတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

စိတ်ကူးစိတ်သန်းကိုကောင်းစေခြင်း - လေ့လာမှုတွေအရတော့ နေရောင်ဟာ ဦးနှောက်မှာရှိတဲ့ အကျိတ်တစ်မျိုးကို လှုံ့ဆော်ပြီး Tryptamines ဆိုတဲ့ဟော်မုန်းဓါတ်တစ်မျိုးကိုထွက်ရှိစေတဲ့အတွက် စိတ်ကူးစိတ်သန်းတွေကောင်းစေတယ်လို့ဆိုပါတယ်။

ပိုးသေစေခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလိုမျိုး ပိုးမွှားတွေရဲ့ DNAကိုဖျက်ဆီးပြီး သေစေနိုင်တဲ့အတွက် ပိုးသတ်တဲ့နေရာတွေမှာအသုံးပြုနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်၏ ဆိုးကျိုးများ
အရေပြားကင်ဆာ
-  ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အရေပြားကင်ဆာဖြစ်ပွားရခြင်းစုစုပေါင်းရဲ့ ၉၀ရာခိုင်နှုန်းလောက်ဟာ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းကြောင့်ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ နေလောင်ခြင်းမဖြစ်ပေါ်စေဘဲ အရေပြားရဲ့ DNA ကိုပျက်ဆီးစေနိုင်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အားအကောင်းဆုံးကင်ဆာဖြစ်ပွားစေနိုင်တဲ့ အရာဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းဟာ အဓိကအရေပြားကင်ဆာတွေဖြစ်တဲ့ Basal cell carcinoma, Squamous cell carcinoma နဲ့ melanoma သုံးမျိုးစလုံးကိုဖြစ်ပေါ်စေနိုင်ပါတယ်။

နေလောင်ခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားဆဲလ်တွေကိုပျက်ဆီးစေနိုင်တဲ့အတွက် နေလောင်ဒဏ်ရာတွေဖြစ်စေနိုင်ပါတယ်။ နေလောင်ပြီးပျက်ဆီးသွားတဲ့ အရေပြားနေရာကို ပြန်လည်အစားထိုးဖို့အတွက် သွေးလည်ပတ်မှုများများ အရေပြားနေရာကိုသွားရတဲ့အတွက် နေလောင်တဲ့အချိန်မှာ အရေပြားတွေဟာ နီရဲနေတာဖြစ်ပါတယ်။

ကိုယ်ခံအားကိုကျဆင်းစေခြင်း - ခရမ်းလွန်ရောင်ခြည်နဲ့အလွန်အမင်းထိတွေ့ရခြင်းဟာ ကိုယ်ခံအားကိုကျစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ နေလောင်ခြင်းကိုဖြစ်ပွားစေနိုင်ပြီး အဲလိုနေလောင်ခြင်းဟာ သွေးဖြူဥတွေရဲ့ရောဂါတိုက်ခိုက်နိုင်စွမ်းကိုကျဆင်းစေတဲ့အတွက် ကိုယ်ခံအားကျဆင်းတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ဟာ ရောဂါဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်၊ ဘက်တီးရီးယားတွေရဲ့ရန်ကိုကာကွယ်ထားရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကျဆင်းလာတဲ့အခါမှာ ရောဂါမျိုးစုံဝင်ရောက်လာနိုင်ပါတယ်။

မျက်လုံးထိခိုက်ခြင်း - ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာထိတွေ့တဲ့အခါမှာ မျက်လုံးရဲ့တစ်ရှူးများကိုပျက်ဆီးစေနိုင်ပြီး မျက်နက်စံ၊ မျက်စိမှန်ဘီလူး၊ မြင်လွှာ အစရှိတာတွေကိုထိခိုက်နိုင်ပါတယ်။

အရေပြားအိုမင်းရင့်ရော်မှုမြန်စေခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားအလွှာမှာရှိတဲ့ Collagen ဓါတ်ကိုပျက်ဆီးစေနိုင်တဲ့အတွက်ကြောင့် အရေပြားအိုမင်းရင့်ရော်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အရေးအကြောင်းများ၊ အစက်အပျောက်များနှင့် အရေပြားလျော့တိလျော့ရဲဖြစ်မှုတွေဟာ အရေပြားအိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေဖြစ်ပြီး ကာလကြာရှည် ခရမ်းလွန်ရောင်ခြည်သင့်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေတွေ့မြင်ရတတ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်စံနှုန်း (UV index)
ခရမ်းလွန်ရောင်ခြည် ကမ္ဘာ့မျက်နှာပြင်မရောက်ရှိခင်မှာပဲ အိုဇုန်းအလွှာက နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ဓါတ်ကိုစစ်ထုတ်လိုက်ပါတယ်။ အိုဇုန်းအလွှာရှိနေခြင်းကြောင့်သာ ကမ္ဘာပေါ်မှာသက်ရှိများရှင်သန်နေထိုင်နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာကြီးပူနွေးလာတဲ့အခါမှာတော့ အိုဇုန်းအလွှာပါးလွှာလာပြီး ခရမ်းလွန်ရောင်ခြည်အများအပြားပဲ ကမ္ဘာမြေပေါ်ကိုသက်ရောက်လာပါတယ်။ ကမ္ဘာမြေပေါ်ကိုသက်ရောက်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုဖော်ပြတဲ့အခါမှာ ခရမ်းလွန်ရောင်ခြည်စံနှုန်း(UV index) နဲ့ဖော်ပြလေ့ရှိပါတယ်။ အိုဇုန်းလွှာရဲ့ အထူဟာ ရာသီဥတု၊ အချိန်ကာလ၊ နေရာအနေအထားပေါ်လိုက်ပြီးကွဲပြားတဲ့အတွက် ကမ္ဘာ့နေရာအသီးသီးကို ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်စံနှုန်းဟာလည်း နေရာတစ်ခုနဲ့တစ်ခုမတူတတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်စံနှုန်းကိုဖော်ပြတဲ့နေရာမှာ ရောင်ခြည်ကျရောက်တဲ့ပမာဏအပေါ်မူတည်ပြီး အရောင်(၅)မျိုးနဲ့ ခွဲခြားပါတယ်။ အဲဒီအရောင်တွေကတော့ Green (UV index 0-2), Yellow (UV index 3-5), Orange (UV index 6-7), Red (UV index 8-10), Violet (UV index 11+) တို့ဖြစ်ပါတယ်။ UV index များလေလေ ကျန်းမာရေးဆိုးကျိုးများလေလေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့အတော်များများကိုကျရောက်တဲ့ UV Index ကတော့ Red နဲ့ Violet (8-11) ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးအပေါ်အတော်ကြီးကို ဆိုးကျိုးရှိနေနိုင်တဲ့အနေအထားဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ကာကွယ်ရေး
ခရမ်းလွန်ရောင်ခြည်အန္တရာယ်က ကာကွယ်ဖို့အတွက် ဖြစ်နိုင်သမျှ မနက် ၁၀နာရီကနေ ညနေ ၄နာရီိကြားမှာ အပြင်ထွက်တာကိုရှောင်ပါ။ အပြင်ထွက်ရမယ်ဆိုရင်လည်း နေရောင်ထဲမှာအကြာကြီးနေတာမျိုးကိုရှောင်ပြီး အရိပ်ထဲမှာနေပါ။ နေကာမျက်မှန်တပ်ပါ။ နေရောင်ခံကရင်မ်လိမ်းပါ(နေရောင်ခံခရင်မ်အစား သနပ်ခါးထူထူလိမ်းတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်)။ နေပူထဲသွားတဲ့အခါမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ ဦးထုပ်ဆောင်းပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တတ်နိုင်သမျှ နေရောင်မခံရအောင်ဖုံးပါ။ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းဟာ စုပုံလာတတ်တဲ့သဘောရှိတဲ့အတွက်ကြောင့် ခရမ်းလွန်ရောင်ခြည်သင့်ခြင်းကို ကာကွယ်ဖို့အတွက် နောက်ကျနေတယ်ဆိုတာ မရှိပါဘူး။ အခုအချိန်မှာစတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးအချိန်ပါပဲ။

Tuesday, 5 March 2013

အစားအသောက်ထဲက အန္တရာယ်


လူတစ်ယောက်၏ ဘဝအ တွက်အရေးအကြီးဆုံးသည် ကျန်း မာစွာနေထိုင်နိုင်ဖို့ ဖြစ်ပါသည်။ လူတစ်ယောက်သည် ငွေကြေးချမ်း သာနေပါလျှက်နှင့် မကျန်းမာဘူး ဆိုပါက ထိုသူအတွက်လောကကြီး တစ်ခုလုံးသည် သာယာဖွယ်မ ကောင်းနိုင်တော့ပါ။ ထို့ကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ် ပါး အာရောဂျံပရမံလာဘံဟု ဆိုခဲ့ ခြင်းဖြစ်နိုင်ပါသည်။ ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အခြား အကြောင်းအရာများရှိနေသေးသော် လည်း သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ စားသုံးရ ခြင်းသည် ကျန်းမာစွာနေထိုင် နိုင်ဖို့အတွက် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်ဆိုတာကိုတော့ မည်သူမှမငြင်းနိုင်ပါ။

အစားအသောက်များသည် လူတစ်ယောက်၏ ကျန်းမာရေး အတွက် ကောင်းကျိုးများကိုပေး စွမ်းနိုင်သည်ဆိုသော်လည်း အစား အသောက်ကြောင့် သည်ပင်လျှင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ချေလည်းရှိပါသည်။ အ ကြောင်းရင်းကတော့ ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေသော အစားအ သောက်များထဲတွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော ဓါတု ပစ္စည်း အများအပြားပင် ပါဝင် လျက်ရှိပြီး ထိုသို့ ပါဝင်နေမှုကို စားသုံးသူအများစုက သတိမမူမိ သေးသောကြောင့် ဖြစ်သည်။
ယခုနှစ်များအတွင်း မြန်မာ နိုင်ငံ၌ အစားအသောက်များထဲတွင် အန္တရာယ်ရှိသော ဆိုးဆေးများ အ သုံးပြုခြင်း၊ အန္တရာယ်ရှိသော ဓါတု ပစ္စည်းများအသုံးပြုခြင်းတို့များစွာ မြင့်တက်လာလျှက် ရှိသည်။ ထိုသို့ မြင့်တက်လာမှုများထဲတွင် မြန်မာ တို့၏ ရိုးရာအစားအသောက်များ ဖြစ်သည့် လက်ဘက်ကို အဝတ် အထည်ဆိုးဆေးများအသုံးပြုခြင်း၊ ငပိကို ဓါတ်မြေသြဇာများနှင့် ရော နှောခြင်းတို့သည်စားသုံးသူ ပြည်သူ လူထုကို တုန်လှုပ်သွားစေသော ဓာတု ပစ္စည်းအသုံးပြုသည့် အဖြစ်အပျက်များဖြစ်ကြသည်။ ထို့ပြင် အီကြာကွေးပွအောင် ဓါတ်မြေသြဇာများမှာသုံးတဲ့ မိုးနီးယားထည့်သွင်းခြင်း၊ ပဲပြုတ်များတွင် အ၀တ်လျှော်ဆော်ဒါအသုံးပြုခြင်း နှင့် ပဲပြားများတွင် ဖော်မလင်ထည့်သွင်းအသုံးပြုခြင်းများထိအောင် စီးပွားရေးလောဘသားများ အတင့်ရဲသောင်းကျန်းလာကြပါသည်။

စားသောက်ကုန် ပစ္စည်းများကို အရောင်လှပလာရန်အတွက် ဆိုး ဆေးအသုံးပြုရလေ့ရှိပြီး ထိုသို့ ဆိုးဆေးအသုံးပြုရာတွင် မြန်မာ နိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှခွင့်ပြုထားသည့် ဆိုးဆေးအမျိုး ၂ဝ ကိုသာအသုံး ပြုရပါသည် သို့သော်လည်း ထို အစားအသောက်ဆိုးဆေးများသည် ဈေးနှုန်းကြီးမြင့်သည့်အပြင် အ ရောင်လှအောင်လည်း အများအ ပြားအသုံးပြုရသည့် အတွက်ကြောင့် စီးပွားရေးသမားများသည် ဈေးနည်း နည်းနှင့် အရောင်လှလှထွက်သည့် အဝတ်အထည်ဆိုးဆေးများကိုတွက် ခြေကိုက်အောင် အသုံးပြုလာ ကြသည်။
ထိုသို့ ဆိုးဆေးများအသုံးပြု သည့်အခါတွင်  အစားအသောက် များသည် အရောင်အားဖြင့် လှပ လာသော်လည်း ကျန်းမာရေး အတွက်ကိုမူ အင်မတန်ကြီးမားသည့် ဆိုးကျိုးများကို ရရှိစေနိုင်ပါသည်။  ယခင်ကတော့ ဆိုးဆေးများကို အ သင့်စား အစားအသောက်များတွင် သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင်တော့ လတ်ဆတ်သော အသီးအနှံများတွင်ပါ ထည့်သွင်း အသုံးပြုလာကြပါသည်။ ကျန်းမာရေးအသိပညာရှိသော သူများသည် အစားအသောက် စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်အောင်ဟုဆိုကာ အသီး အနှံများကို ရွေးချယ်စားသုံးလာကြ ပါသည်။ သို့သော်လည်း ထိုသို့ ကျန်းမာရေးနှင့် ညီညွတ်ပါသည် ဆိုသော အသီးအနှံများတောင် ဆိုးဆေးနှင့် မလွတ်ကင်းတော့ သောအခါ မြန်မာပြည်သူများအဖို့ ကျန်းမာခြင်းဆိုသည့် လာဘ်ကြီး တစ်ပါးကို ဆုပ်ကိုင်မိဖို့ခက်ခဲ လာပါတော့သည်။

 ထိုသို့အစားအသောက်များတွင် ထည့်သွင်းအသုံးပြုသည့် ဆိုးဆေး များ၊ ရောနှောသည့် ဓါဓုပစ္စည်းများသည် အချိန်ခဏ လေးအတွင်းမှာ ကျန်းမာရေး ဆိုးကျိုးများ ပေးနိုင်သည့်အပြင်  အချိန်ကြာမြင့်လာသည့် အခါတွင် လည်း ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်ပွားနိုင်စေသည်။ ဆိုးဆေးများသည် အဓိအားဖြင့်တော့ ကျောက်ကပ်နှင့် အသည်းကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါသည်။ အသည်းနှင့်ကျောက်ကပ်သည် ခန္ဓာကိုယ်၏ရေစစ်သဖွယ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှအညစ်အကြေးများကို စွန့်ထုတ်ပေးရသည့်အဓိကအင်္ဂါအစိတ်အပိုင်းများဖြစ်သောကြောင့် စားသုံးလိုက်သည့်မသန့်သည့်အရာမှန်သမျှသည် အသည်းနှင့်ကျောက်ကပ်ကိုပျက်စီးစေပါတော့သည်။ ဆိုးဆေးပါတဲ့အစားအစာများကို စားသုံးတဲ့အခါတွင် ထိုဆိုးဆေးများသည် အသည်းနှင့်ကျောက်ကပ်တွင်စုပုံလာကာ ဆိုးရွားစွာပျက်ဆီးစေနိုင်ကာ ကင်ဆာရောဂါအမျိုးမျိုးကိုလည်း ဖြစ်ပွားနိုင်စေပါသည်။ ဆိုးဆေးနှင့် ဓာတုပစ္စည်းများသည် အသည်းနှင့်ကျောက်ကပ်အပြင် အစာအိမ်နှင့်အူလမ်းကြောင်းကိုလည်း ဆိုးရွားစွာထိခိုက်နိုင်စေပါသည်။ ရန်ကုန်ဆေးရုံကြီး၊ ကင်ဆာဌာန၏ စာရင်းဇယားများအရတော့ လွန်ခဲ့သည့် ၈နှစ်အတွင်း မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားနှုန်း ၂ဆကျော်တက်လာတာကိုတွေ့မြင်ရပါသည်။ ထူးခြားချက်အနေဖြင့် အမျိုးသမီးများသည် ကင်ဆာရောဂါများ၏ နှိပ်စက်မှုကို ပိုမိုခံစားရလေ့ရှိပြီး ကျား မ အချိုး ၂ဆကျော်ကွာနေတတ်ပါသည်။

လူနေမှုပုံစံများပြောင်းလဲလာမှုများကလည်း မြန်မာနိုင်ငံ၏ ကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်စေရတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ လှုပ်ရှားမှုနည်းပါးခြင်းအပြင် ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးခြင်းကြောင့် ကမ်ချီနှင့် အကင်အမျိုးမျိုးစားသုံးလာမှုကလည်း လူငယ်များတွင်ပင် အူမကြီးကင်ဆာလိုရောဂါမျိုးတွေ အဖြစ်များလာစေပါသည်။ အကင်များကို မီးသွေးနှင့်ကင်တဲ့အခါမှာ မီးကျွမ်းတာအပြင် မီးသွေးမှုန်အများအပြား အကင်များတွင်ကပ်ညိနေတတ်ပါသည်။ ထိုသို့မီးသွေးအမှုန်များပါနေတဲ့ အကင်များကိုကာလကြာရှည်စားသုံးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကိုအားပေးစေနိုင်ပါသည်။ ယခုလက်ရှိအချိန်ထိမြန်မာလူမျိုးအများစုမှာ အစားအသောက်၏အပြင်ပန်းပုံသဏ္ဍန်ကိုသာ ဦးစားပေးရွေးချယ်နေတတ်ပြီး ထို့အတွက်ကြောင့် အရောင်လှအောင်ဆိုးသော ဆိုးဆေးများ၊ တာရှည်ခံအောင်သုံးတဲ့ဆေးများ၊ အသီးအနှံများကို ကြီးထွားအောင် အချိန်မတိုင်ခင်မှည့်အောင် ထိုးတဲ့ထိုးဆေးများ၊ အရောင်ချွတ်ဆေးများ အစရှိသည့် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေသည့် အန္တရာယ်ရှိသည့်ပစ္စည်းများကို ပိုက်ဆံပေးဝယ်ယူနေရသလိုဖြစ်နေပါသည်။

အန္တရာယ်ရှိသော ဆိုးဆေး များနှင့် ဓါတုပစည်းများ အသုံးပြု ရောနှောမှုများကို အများအပြားစစ်ဆေးတွေ့ရှိနေရသော်လည်း ထိရောက်စွာအရေးယူမှု အားနည်းနေခြင်းက အစား အသောက်ထဲမှအန္တရာယ်ကို သံသရာ ရှည်နေစေသည်။ မြန်မာနိုင်ငံ အမျိုးသားအစားအသောက် ဥပဒေ အရ ထိုသို့ အန္တရာယ်ရှိဆိုးဆေး များနှင့် ဓါတုပစည်းများရောနှော ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၅နှစ်ထိဖြစ်စေ၊ ဒဏ်ငွေ ၅သိန်းဖြစ်စေ ပေးဆောင်ရမည်ဟု သတ်မှတ်ထားသော်လည်း  ဥပဒေလက်တစ်လုံးခြားလုပ်ကာ ဒဏ်ငွေ သာ ချမှတ်နေမှုက လောဘသား များကိုနောင်မကျဉ်စေဘဲရှိစေသည်။ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတွင်ပင် အစားအသောက်များကို အန္တရာယ်ရှိသည့် ဓါတ်ပစ္စည်းများရောနှောသည့် စီးပွားရေးသမားများကို သေဒဏ်ပေးသည့်အလေ့အထမျိုးရှိနေသော်လည်း မြန်မာနိုင်ငံတွင်တော့ ငွေဒဏ်သာချမှတ်နေသေးပါသည်။

ထိုသို့ နေ့စဉ်စားသောက်နေသော အစားအသောက်အများစုတွင် ဓာတုပစ္စည်းများပါဝင်နေသည့်အတွက် လုံးဝကင်းအောင် မရှောင်နိုင်သော်မှ တတ်နိုင်သမျှ သတိထားနိုင်သည့် နည်းလမ်းများတော့ ရှိနေပါသည်။ အဓိကအားဖြင့် ၀ယ်သူဘက်မှ သတိထားဝယ်ယူနိုင်ပါသည်။ ၀ယ်သူမရှိလျှင်ရောင်းသူဆိုတာလည်း အလိုအလျှောက်ပျောက်ကွယ်သွားနိုင်ပါလိမ့်မည်။ အစားအသောက်များကို ၀ယ်ယူရာတွင် အပေါ်ယံအမြင်ကို ကြည့်ဝယ်တာမျိုးကိုရှောင်ပြီး ဆေးဆိုးမှုအနည်းဆုံးကိုရှာဝယ်ပါ။ ဥပမာအားဖြင့် မျှစ်သည်ပုံမှန်အားဖြင့် အရောင်ခပ်ဖျော့ဖျော့သာရှိသော အရာဖြစ်သည်၊ ထိုသို့ဖြူဖျော့ဖျော့ဖြစ်မနေဘဲ ၀ါထိန်နေမယ်၊ နီရဲနေမယ်ဆိုရင် ဒါဟာဆေးဆိုးထားတာမှန်းသိသာတဲ့အတွက် ၀ယ်ယူခြင်းမပြုသင့်ပါ။ ထိုသို့ပင် အသီးအရွက်များဝယ်ယူရာတွင်လည်း ပိုးသတ်ဆေးအများကြီးသုံးထားလို့ ပိုးပေါက်လုံးဝကင်းစင်တာမျိုးကိုရှာဝယ်မယ့်အစား ပိုးပေါက်အနည်းငယ်ပါတဲ့အသီးအရွက်လေးများကိုရွေးချယ်ဝယ်ယူပါ။ ဖြစ်နိုင်သမျှ အစိမ်းစားခြင်းကိုရှောင်ပြီး အစိမ်းစားမှဖြစ်မယ့် အသီးအရွက်များကို ရေဖြင့် ထပ်ခါထပ်ခါဆေးကြောပေးပါ။ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပြီး အသင့်စားအစားအသောက်များနှင့် အကင်များ အချဉ်သိပ်အစားအစာများကို ဖြစ်နိုင်သမျှရှောင်ကြဉ်ပါ။

လူတစ်ယောက်နေ့စဉ်ရှင်သန် သွားလာနိုင်နေဖို့အတွက် အစား အသောက်ဆိုသည်ကတော့ မဖြစ်မနေအရေးပါနေဦးမည်ဖြစ် သည်။  ကျန်းမာစွာနေထိုင်နိုင်ဖို့ အတွက် အစားအသောက်သည် အရေးပါသလို မသန့်ရှင်းသော အစားအသောက်များကြောင့်လည်း ရောဂါအမျိုးမျိုးကို ဖိတ်ခေါ် နေသလိုဖြစ်နေသည်ဆိုတာကို နားလည်လာဖို့လည်းအထူးပင် လိုအပ်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အစားအသောက် များတွင် ဆိုးဆေးများ ဓာတု ပစ္စည်းများ ထည့်သွင်းရောင်း ချနေသော စီးပွားရေးသမားများကို ပြင်းထန်စွာ အရေးယူခြင်းများ ပြုလုပ်သင့်ပါသည်။ ထို့အတူ ပြည်သူများအနေဖြင့်လည်း အစားအသောက်များကို ဝယ်ယူ စားသုံးရာတွင် အသိရှိရှိနှင့် အပေါ်ယံအမြင်ကိုပဲမကြည့်ဘဲ ဂရုတစိုက် ဝယ်ယူစားသုံးကြရန် လိုအပ်ပါသည်။ ထိုသို့ အစိုးရနှင့် ပြည်သူနှစ်ဘက်လုံး ပူးပေါင်း လုပ်ဆောင်သွားမည်ဆိုပါလျှင်  ပြည်သူများအနေဖြင့် အစား အသောက်မဟုတ်ဘဲ ရောဂါများကို ငွေကြေးအကုန်အကျခံ ဝယ်ယူ သလိုဖြစ်နေရသည့်အခြေအနေမှ လွတ်မြောက်နိုင်ပါလိမ့်မည်။